ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 19:9-22 Judson Bible (BJB)

9. စင်ကြယ်သောသူတစုံတယောက်သည် နွားမ၏ပြာကိုစုသိမ်း၍၊ တပ်ပြင်မှာ စင်ကြယ်သောအရပ်၌ ထားရမည်။ ဣသရေလအမျိုးပရိသတ်အဘို့ စင်ကြယ် စေသောရေဘော်ဘို့၊ ထိုပြာကိုသိုထားရမည်။ အပြစ်နှင့် ကင်းစင်စေစရာဘို့ဖြစ်သတည်း။

10. နွားမ၏ပြာကိုစုသိမ်းသောသူသည်လည်း၊ မိမိအဝတ်ကိုလျှော်၍ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ ဤရွေ့ကား၊ ဣသရေလအမျိုးသား၊ တည်းခိုသောတပါးအမျိုးသားတို့သည် အစဉ်အမြဲစောင့်ရသော ပညတ်ဖြစ်သတည်း။

11. လူသေကောင်ကိုထိသောသူသည် ခုနစ်ရက်မစင်ကြယ်ဖြစ်လိမ့်မည်။

12. သုံးရက်မြောက်သောနေ့၌ ထိုပြာနှင့် ကိုယ်ကိုသန့်ရှင်းစေ၍၊ ခုနစ်ရက်မြောက်သောနေ့၌ စင်ကြယ်လိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ကိုယ်ကို မသန့်ရှင်းစေလျှင်၊ ခုနစ်ရက်မြောက်သောနေ့တိုင်အောင်မစင်ကြယ်ရ။

13. လူသေကောင်ကိုထိ၍ ကိုယ်ကိုမသန့်ရှင်းစေသောသူသည်၊ ထာဝရဘုရား၏ တဲတော်ကို ညစ်ညူးစေ၏။ ထိုသူကို ဣသရေလအမျိုးမှပယ်ရှင်းရမည်။ စင်ကြယ်စေသောရေဖြန်းခြင်းကိုမခံသောကြောင့် မစင်ကြယ်ဖြစ်၏။ စင်ကြယ်ခြင်းသို့မရောက်သေး။

14. တဲ၌လူသေလျှင် စောင့်ရသောတရားဟူမူကား၊ တဲသို့ဝင်သောသူ၊ တဲ၌ရှိနေသောသူအပေါင်းတို့သည် ခုနစ်ရက်ပတ်လုံးမစင်ကြယ်ဖြစ်ကြလိမ့်မည်။

15. မဖုံးဘဲဖွင့်ထားသောအိုးရှိသမျှတို့သည်လည်း မစင်ကြယ်ဖြစ်ကြလိမ့်မည်။

16. သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသေအရိုး၊ လူသင်္ချၖိုင်းကို လယ်ပြင်၌တွေ့၍ထိလျှင်၊ ခုနစ်ရက်ပတ်လုံးမစင်ကြယ်ဖြစ်လိမ့်မည်။

17. မစင်ကြယ်သောသူဘို့ အပြစ်ကင်းစေရာ မီးရှို့သောနွားမ၏ပြာအချို့ကိုယူ၍၊ စီးသောရေနှင့်အတူအိုး၌ထည့်ပြီးမှ၊

18. စင်ကြယ်သောသူသည်၊ ဟုဿုပ်ပင်ညွန့်ကို ရေ၌နှစ်၍တဲပေါ်မှာ၎င်း၊ တန်ဆာများ၊ တဲ၌ရှိသောလူများပေါ်မှာ၎င်း၊ လူသေအရိုး၊ သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသင်္ချၖိုင်းကိုထိသောသူပေါ်မှာ၎င်း၊ ထိုရေကိုဖြန်းရမည်။

19. စင်ကြယ်သောသူသည် မစင်ကြယ်သောသူကို သုံးရက်မြောက်သောနေ့၊ ခုနစ်ရက်မြောက်သောနေ့၌ ဖြန်းရမည်။ ခုနစ်ရက်မြောက်သောနေ့၌ ကိုယ်ကို သန့်ရှင်းစေလျက်၊ မိမိအဝတ်ကိုလျှော်၍ရေချိုးလျှင်၊ ညဦးအချိန်တွင် စင်ကြယ်လိမ့်မည်။

20. မစင်ကြယ်သောသူသည် ကိုယ်ကိုသန့်ရှင်းစေခြင်းငှါမပြုလျှင်၊ ထာဝရဘုရား၏သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေသောကြောင့်၊ ပရိသတ်မှ ပယ်ရှင်းခြင်းကိုခံရမည်။ စင်ကြယ်စေသောရေဖြန်းခြင်းကို မခံသောကြောင့်၊ မစင်ကြယ်ဘဲနေ၏။

21. အစဉ်အမြဲစောင့်ရသောပညတ်ဟူမူကား၊ စင်ကြယ်သောရေကို ဖြန်းသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ ထိုရေကိုထိသောသူလည်း၊ ညဦးတိုင် အောင် မစင်ကြယ်ဖြစ်လိမ့်မည်။

22. မစင်ကြယ်သောသူ ထိသမျှသောအရာသည်လည်း မစင်ကြယ်ဖြစ်လိမ့်မည်။ ထိုအရာကိုထိသောသူလည်း ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 19