အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 18 Judson Bible (BJB)

1. တဖန်ထာဝရဘုရားသည် အာရုန်အားမိန့်တော်မူသည်ကား၊ သင်နှင့် သင်၏သားမြေးအဆွေအမျိုးတို့သည်၊ သန့်ရှင်းရာဌာနတော်နှင့်ဆိုင်သောအပြစ်၊ သင်တို့ ယဇ်ပုရောဟိတ်အရာနှင့်ဆိုင်သောအပြစ်ကို ခံရကြမည်။

2. သင်၏ဘိုးဘအဆွေအမျိုး၊ လေဝိအမျိုးသားညီအစ်ကိုချင်းတို့သည်၊ သင်နှင့်အတူကူညီ၍ အမှုတော်ကိုဆောင်ရွက်စေခြင်းငှါ ခေါ်ထားလော့။ သို့ရာတွင် သင်နှင့်တကွ သင်၏သားတို့သည်၊ သက်သေခံချက်တဲတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။

3. လေဝိသားတို့သည် သင့်ကို၎င်း၊ တဲတော်ရှိသမျှကို၎င်း စောင့်ရကြမည်။ သို့ရာတွင် သင်တို့နှင့် သူတို့သည်သေဘေးလွတ်မည်အကြောင်း၊ သူတို့သည် တဲတော် တန်ဆာ၊ ယဇ်ပလ္လင်တန်ဆာများကိုမချဉ်းကပ်ရကြ။

4. သူတို့သည် သင်တို့နှင့်အတူကူညီ၍၊ ပရိသတ်စည်းဝေးရာတဲတော်ကို စောင့်လျက်၊ တဲတော်အမှုရှိသမျှကိုထမ်းရကြမည်။ မဆိုင်သောသူသည် သင်တို့ အနီးသို့မချဉ်းမကပ်ရ။

5. နောက်တဖန်အမျက်တော်ထွက်၍ ဣသရေလအမျိုးသားတို့အပေါ်သို့ မရောက်မည်အကြောင်း၊ သင်တို့သည်သန့်ရှင်းရာဌာနတော်နှင့် ယဇ်ပလ္လင်ကို စောင့်ရကြမည်။

6. ထိုသို့ သင်တို့၏ညီအစ်ကိုလေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ထဲက ရွေးယူ၍၊ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ထမ်းစေခြင်းငှါ၊ ထာဝရဘုရားအား ပြုသောပူဇော်သက္ကာကဲ့သို့ သင်တို့အားငါပေး၏။

7. ထိုကြောင့် သင်နှင့် သင်၏သားတို့သည် ယဇ်ပလ္လင်နှင့်ဆိုင်သောအမှု၊ ကုလားကာအတွင်း၌ ဆောင်ရွက်စရာအမှုရှိသမျှတို့ကို၊ ယဇ်ပုရောဟိတ်ပြု၍ ဆောင် ရွက်ရကြမည်။ သင်တို့အားကျေးဇူးပြု၍ ယဇ်ပုရောဟိတ်အရာကိုငါပေးပြီ။ မဆိုင်သောသူသည် အနီးအပါးသို့ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကိုခံရမည်ဟု မိန့် တော်မူ၏။

8. တဖန်ထာဝရဘုရားသည် အာရုန်အားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည်သန့်ရှင်းစေ၍ ဆက်ကပ်သမျှသော ပူဇော်သက္ကာတို့အထဲက၊ ငါ့အားချီးမြှောက်သောပူဇော်သက္ကာတို့ကို သင်၌အပ်၍၊ သင်နှင့် သင်၏သားတို့အဘို့ဖြစ်စေခြင်းငှါ၊ ထာဝရပညတ်တရားအားဖြင့် ငါပေး၏။

9. မီးသို့မရောက်၊ သန့်ရှင်းသောအရာထဲက သင်တို့ဆိုင်သောအရာဟူမူကား၊ ဣသရေလအမျိုးသားလှူသောဥစ္စာ၊ ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ပူဇော်လေသမျှတို့သည် သင်နှင့် သင်၏သားတို့အဘို့ သန့်ရှင်းရကြမည်။

10. သန့်ရှင်းရာဌာန၌စားရမည်။ ယောက်ျားအပေါင်းတို့သည် စားရသောအခွင့်ရှိ၏။ သင်တို့အဘို့သန့်ရှင်းပေ၏။

11. ထိုမှတပါး ဣသရေလအမျိုးသားတို့ပူဇော်သော ချီမြှောက်ရာပူဇော်သက္ကာ၊ ချီလွှဲရာပူဇော်သက္ကာတို့ကို၊ သင်နှင့် သင်၏သားသမီးတို့အား ထာဝရပညတ် တရားအားဖြင့်ငါပေးပြီ။ သင့်အိမ်၌ သန့်ရှင်းသောသူအပေါင်းတို့သည် စားရသောအခွင့်ရှိ၏။

12. ဣသရေလအမျိုးသားရွေး၍ ထာဝရဘုရားအားပူဇော်သမျှ အကောင်းဆုံးသောဆီ၊ အကောင်းဆုံးသောစပျစ်ရည်၊ အကောင်းဆုံးသောဂျုံစပါးကို သင်တို့အားငါပေးပြီ။

13. ထာဝရဘုရားထံတော်သို့ဆောင်ခဲ့သမျှ အဦးမှည့်သောသစ်သီးကိုလည်း သင်ဆိုင်ရမည်။ သင့်အိမ်၌ သန့်ရှင်းသောသူအပေါင်းတို့သည် စားရသောအခွင့်ရှိ၏။

14. ဣသရေလအမျိုး၌ကျိန်ဆို၍ ပူဇော်သမျှတို့ကိုလည်း သင်ဆိုင်ရမည်။

15. အဦးဘွားသောသား၊ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှတို့ကို သင်ဆိုင်ရမည်။ သို့ရာတွင် လူ၏သားဦးနှင့် မစင်ကြယ်သော တိရစ္ဆာန်၏သားဦးကို အမှန်ရွေးရမည်။

16. ရွေးရသောသားတို့ကို အသက်တလလွန်မှ၊ သင်အဘိုးပြတ်သည်အတိုင်း ဂေရနှစ်ဆယ်နှင့်မျှသောအကျပ်တော်အလိုက် ငွေငါးကျပ်နှင့် ရွေးရမည်။

17. နွားသားဦး၊ သိုးသားဦး၊ ဆိတ်သားဦးသည် သန့်ရှင်းသောကြောင့်မရွေးရ။ သူ၏အသွေးကို ယဇ်ပလ္လင်ပေါ်မှာဖြန်းရမည်။ ဆီဥကိုလည်း ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေ၍၊ မီးဖြင့်ပူဇော်သက္ကာပြုရမည်။

18. အသားမူကား ချီလွှဲရာပူဇော်သက္ကာ၏ရင်ပတ်နှင့် လက်ျာပခုံးကဲ့သို့ သင့်အဘို့ ဖြစ်ရမည်။

19. ဣသရေလအမျိုးသားတို့သည် သန့်ရှင်းစေ၍ ထာဝရဘုရားအား ဆောင်ခဲ့သော ပူဇော်သက္ကာရှိသမျှတို့ကို သင်နှင့် သင်၏သားသမီးတို့အား ထာဝရပညတ်တရားအားဖြင့် ငါပေးပြီ။ သင်အစရှိသော သင်၏အမျိုးအနွယ်နှင့်ဆိုင်၍ ထာဝရဘုရားရှေ့တော်၌ ဆားနှင့်ယှဉ်သော ထာဝရပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ၏။

20. တဖန်ထာဝရဘုရားသည် အာရုန်အားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့နေရာပြည်၌ သင့်အမွေခံရာမြေ၊ သူတို့နှင့်ရော၍ ပိုင်သောအဘို့မရှိရ။ ငါသည်ကား သူတို့တွင်သင်ပိုင်သောအဘို့ သင့်အမွေ ဥစ္စာဖြစ်၏။

21. လေဝိသားတို့သည် ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်သောကြောင့်၊ သူတို့အမွေခံစရာ ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ကို ငါပေးပြီ။

22. ယခုမှစ၍ ဣသရေလအမျိုးသားတို့သည် ကိုယ်အပြစ်ကိုခံ၍ သေဘေးနှင့် မတွေ့မည်အကြောင်း၊ ပရိသတ်စည်းဝေးရာတဲတော်အနီးအပါးသို့ မချဉ်းမကပ်ရကြ။

23. လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ရွက်၍၊ ကိုယ်အပြစ်ကို ကိုယ်ခံရကြမည်။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့်ရော၍ အမွေမခံရကြဟု သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်ဖြစ်သတည်း။

24. ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအား ပူဇော်သက္ကာပြုသော ကိုယ်ဥစ္စာဆယ်ဘို့တဘို့ကို၊ လေဝိသားအမွေခံစရာဘို့ငါပေးပြီ။ ထို့ကြောင့် သူတို့ သည် ဣသရေလအမျိုးသားတို့နှင့်ရော၍ အမွေမခံရဟု ငါ့အမိန့်တော်ရှိ၏။

25. တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် လေဝိသားတို့အား ဆင့်ဆိုရမည်မှာ၊

26. သင်တို့အမွေခံစရာငါပေးသော ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ကို သင်တို့သည်ခံယူသောအခါ၊ ထိုအဘို့ကိုဆယ်ဘို့ဘို့ပြန်၍ တဘို့ကိုထာဝရဘုရားအား ပူဇော်သက္ကာပြုရကြမည်။

27. ထိုပူဇော်သက္ကာကို၊ ကောက်နယ်တလင်းထဲကယူသော ဆန်စပါးကဲ့သို့၎င်း၊ စပျစ်သီးနယ်ရာကျင်းထဲကယူသော စပျစ်ရည်ကဲ့သို့၎င်း၊ သင်တို့အဘို့မှတ်ရလိမ့် မည်။

28. ထိုသို့သင်တို့သည် ဣသရေလအမျိုးသားတို့မှခံယူသော ဆယ်ဘို့တဘို့ထဲက၊ ထာဝရဘုရားအားပူဇော်သက္ကာပြုရကြမည်။ ထိုပူဇော်သက္ကာကိုလည်း၊ ယဇ်ပုရော ဟိတ်အာရုန်အားလှူရကြမည်။

29. သင်တို့ခံရသမျှသောအလှူတို့အထဲက အကောင်းဆုံးသောအဘို့ သန့်ရှင်းသောအဘို့ကိုနှုတ်ယူ၍ ထာဝရဘုရားအားပူဇော်သက္ကာပြုရကြမည်။

30. သို့ဖြစ်၍ သူတို့အားဆင့်ဆိုရမည်မှာ၊ လေဝိသားတို့သည် အကောင်းဆုံးသောအဘို့ကို နှုတ်ယူပူဇော်ပြီးမှ၊ ကြွင်းသောအဘို့ကို ကောက်နယ်တလင်း၏ကျေးဇူး၊ စပျစ်သီးနယ်ရာကျင်း၏ကျေးဇူးကဲ့သို့ မိမိတို့အဘို့ မှတ်ရလိမ့်မည်။

31. ထိုကြွင်းသောအဘို့ကို၊ ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သားတို့သည် စားချင်သောအရပ်ရပ်၌ စားရသောအခွင့်ရှိ၏။ ပရိသတ်စည်းဝေးရာတဲတော်၌ အမှုစောင့်သောအတွက် ငါချသောဆုဖြစ်၏။

32. အကောင်းဆုံးသောအဘို့ကို နှုတ်ယူပူဇော်ပြီးမှ၊ ကြွင်းသောအဘို့အားဖြင့် အပြစ်ရောက်စရာအကြောင်းမရှိ။ သေဘေးနှင့် မတွေ့မည်အကြောင်း၊ ဣသရေလ အမျိုးသားတို့၏သန့်ရှင်းသောအရာတို့ကို မညစ်ညူးစေရဟု မိန့်တော်မူ၏။