အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 16 Judson Bible (BJB)

1. လေဝိအမျိုး၊ ကောဟတ်သားဣဇဟာ၏သားကောရသည်၊ ရုဗင်အမျိုးဧလျာဘ၏သားဒါသန်နှင့် အဘိရံ၊ ပေလက်၏သားဩနတို့ကိုခေါ်ပြီးလျှင်၊

2. ပရိသတ်၌ကျော်စော၍ ဂုဏ်အသရေရှိသောသူ၊ အစည်းအဝေး၌ မင်းပြုသောသူ၊ ဣသရေလအမျိုးသားနှစ်ရာငါးဆယ်နှင့်တကွ၊ မောရှေကိုပုန်ကန်၍၊

3. မောရှေနှင့် အာရုန်တဘက်၌စုဝေးလျက်၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ်ရှိသမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရားသည် သူတို့တွင်ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ်ချီးမြှောက်ရသနည်းဟု ဆိုလေ၏။

4. ထိုစကားကိုမောရှေကြားလျှင် ပြပ်ဝပ်လျက်နေ၏။

5. တဖန်မောရှေက၊ အဘယ်သူသည် ထာဝရဘုရား၏လူဖြစ်သည်ကို၎င်း၊ အဘယ်သူသန့်ရှင်းသည်ကို၎င်း၊ အဘယ်သူကိုချဉ်းကပ်စေမည်ကို၎င်း၊ နက်ဖြန်နေ့၌ ထာဝရဘုရားပြတော်မူမည်။ ရွေးကောက်တော်မူသောသူကိုလည်း အနီးအပါးသို့ ချဉ်းကပ်စေတော်မူမည်။

6. အိုကောရနှင့် ကောရ၏အပေါင်းအသင်းရှိသမျှတို့၊ သင်တို့ပြုရမည်အမှုဟူမူကား၊ လင်ပန်းတို့ကိုယူ၍၊

7. နက်ဖြန်နေ့၊ ထာဝရဘုရားရှေ့တော်၌ မီးနှင့်လောဗန်ကိုတင်ကြလော့။ ထိုအခါ ထာဝရဘုရားရွေးကောက်တော်မူသောသူသည်၊ သန့်ရှင်းသောသူဖြစ်စေ။ အိုလေဝိသားတို့၊ သင်တို့သည် အမှုတော်ကိုစောင့်လွန်းကြသည်ဟု ဆိုလေ၏။

8. တဖန်မောရှေက၊ အိုလေဝိသားတို့၊ နားထောင်ကြပါလော့။

9. သင်တို့သည် ထာဝရဘုရား၏တဲတော်အမှုကိုဆောင်ရွက်၍၊ ပရိသတ်ရှေ့မှာ ရပ်လျက်၊ သူတို့အမှုကိုလည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့်၊ ဣသရေလ အမျိုး၏ဘုရားသခင်သည်၊ သင်တို့ကိုအနီးအပါးသို့ခေါ်၍ နေရာချခြင်းငှါ၊ ဣသရေလအမျိုးပရိသတ်နှင့် ခွဲထား၍၊

10. သင့်ကို၎င်း၊ သင့်ညီအစ်ကိုလေဝိသားအပေါင်းတို့ကို၎င်း၊ အနီးအပါး၌ နေရာချတော်မူသောကျေးဇူးတော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ်အရာကိုလည်း ရှာကြသည်တကား။

11. ထိုကြောင့် သင်နှင့် သင်၏အပေါင်းအသင်းရှိသမျှတို့သည် ထာဝရဘုရားတဘက်၌ စုဝေးကြပြီတကား။ အာရုန်ကိုအပြစ်တင်၍ မြည်တမ်းရမည် အကြောင်း၊ သူသည်အဘယ်သို့သောသူဖြစ်သနည်းဟု ကောရအားဆိုပြီးမှ၊

12. ဧလျာဘသားဒါသန်နှင့် အဘိရံတို့ကိုခေါ်ခြင်းငှါ စေလွှတ်လေ၏။ သူတို့ကလည်းငါတို့မလာ။

13. သင်သည် ဤတော၌ ငါတို့ကိုသတ်လို၍ နို့နှင့် ပျားရည်စီးသောပြည်မှ ဆောင်ခဲ့သော်လည်း၊ ငါတို့အပေါ်၌ လုံးလုံးမင်းမပြုရလျှင်၊ စိတ်မပြေသေးသည် တကား။

14. ထိုမှတပါး နို့နှင့် ပျားရည်စီးသောပြည်သို့ ငါတို့ကိုမဆောင်၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များကိုမပေးဘဲ၊ ဤလူတို့၏မျက်စိကိုဖောက်ချင်သလော။ ငါတို့သည် သင့်ထံသို့မလာဟု ပြန်ဆို၏။

15. မောရှေသည်အလွန်အမျက်ထွက်၍၊ ဤသူတို့ပူဇော်သက္ကာကို ပမာဏပြုတော်မမူပါနှင့်။ သူတို့ဥစ္စာမြည်းတကောင်ကိုမျှ အကျွန်ုပ်မသိမ်းပါ။ သူတို့တွင် တယောက်ကိုမျှမညှဉ်းဆဲပါဟု ထာဝရဘုရားအားလျှောက်၍၊

16. ကောရအားလည်း၊ အာရုန်နှင့် သင်အစရှိသော သင်၏အပေါင်းအသင်းရှိသမျှတို့သည်၊ နက်ဖြန်နေ့ ထာဝရဘုရားရှေ့တော်၌ ရှိကြလော့။

17. လူအသီးအသီးတို့သည် မိမိတို့လင်ပန်းများကိုယူ၍ လောဗန်ကိုတင်ပြီးမှ၊ သင်နှင့် အာရုန်သည်လည်း မိမိတို့လင်ပန်းပါလျက်၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာငါးဆယ်တို့ကို ထာဝရဘုရားရှေ့တော်သို့ ဆောင်ခဲ့ကြလော့ဟု ဆိုသည်အတိုင်း၊

18. ထိုသူအသီးအသီးတို့သည် မိမိတို့လင်ပန်းများကိုယူ၍ မီးနှင့်လောဗန်ကို တင်ပြီးမှ၊ မောရှေ၊ အာရုန်နှင့်အတူ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ်နေ ကြ၏။

19. ကောရသည်လည်း၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့် အာရုန်တဘက်၌စုဝေးစေပြီးမှ၊ ထာဝရဘုရား၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့၌ထင်ရှားလေ၏။

20. ထာဝရဘုရားကလည်း၊ ဤပရိသတ်တို့နှင့် ခွာ၍တခြားစီနေလော့။

21. ငါသည် သူတို့ကိုချက်ခြင်းဖျက်ဆီးမည်ဟု မောရှေနှင့် အာရုန်အား မိန့်တော်မူလျှင်၊

22. သူတို့ကပြပ်ဝပ်လျက်၊ အိုဘုရားသခင်၊ ခပ်သိမ်းသောသတ္တဝါတို့၏ အသက်ဝိညာဉ်များကို အစိုးရတော်မူသောဘုရားသခင်၊ လူတစ်ေယာက်အပြစ်ကြောင့် ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်လောဟု လျှောက်ဆိုလေ၏။

23. ထာဝရဘုရားကလည်း၊ ကောရ၊ ဒါသန်၊ အဘိရံတို့၏တဲများကိုရှောင်၍ နေစေခြင်းငှါ၊

24. ပရိသတ်တို့အားဆင့်ဆိုလော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊

25. မောရှေထ၍ ဣသရေလအမျိုးအသက်ကြီးသူတို့နှင့်တကွ၊ ဒါသန်၊ အဘိရံနေရာသို့သွားပြီးမှ၊

26. ဤလူဆိုးတို့၏နေရာတဲများကို ရှောင်၍နေကြပါလော့။ သူတို့၏ဥစ္စာတစုံတခုကိုမျှ မထိကြပါနှင့်။ သို့မဟုတ် သူတို့နှင့်အတူ၊ သူတို့အပြစ်ကြောင့် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်ဟု ပရိသတ်တို့အား ဆင့်ဆို လျှင်၊

27. လူများတို့သည် ကောရ၊ ဒါသန်၊ အဘိရံတဲပတ်ဝန်းကျင်၌မနေဘဲ ရှောင်လွှဲ၍ သွားကြသဖြင့်၊ ဒါသန်၊ အဘိရံသည်၊ သားမယားအကလေးများနှင့်တကွထွက်၍ မိမိတို့တဲတံခါးဝ၌ ရပ်နေကြ၏။

28. မောရှေကလည်း၊ ဤအမှုအလုံးစုံတို့ကို ငါသည်အလိုလိုမပြု၊ ထာဝရဘုရား စေခိုင်းတော်မူ၍ ငါပြုသည်အကြောင်းကို သင်တို့သည် အဘယ်သို့သိရမည်နည်း ဟူမူကား၊

29. ခပ်သိမ်းသောလူသတ္တဝါတို့ခံရသော သေခြင်း၊ ခပ်သိမ်းသောလူသတ္တဝါတို့ ခံရသောဆုံးမခြင်းကိုသာ ဤလူတို့ခံရလျှင်၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မမူ။

30. သို့မဟုတ် ထာဝရဘုရားသည် အသစ်ဖန်ဆင်းတော်မူသဖြင့်၊ မြေကြီးကွဲပွင့်လျက် ဤလူတို့ကို၎င်း၊ သူတို့နှင့်ဆိုင်သမျှကို၎င်းမျို၍၊ သူတို့သည် အသက်ရှင်လျက် သေမင်းနိုင်ငံသို့ဆင်းသွားလျှင်၊ ထာဝရဘုရား၌ ပြစ်မှားကြောင်းကို သင်တို့သည်သိနားလည်ကြရလိမ့်မည်ဟု၊

31. ပြောဆိုပြီးသည်အဆုံး၌၊ သူတို့နင်းရာ မြေကြီးသည်ကွဲ၍၊

32. မိမိခံတွင်းကိုဖွင့်သဖြင့်၊ သူတို့နှင့် သူတို့အိမ်များကို၎င်း၊ ကောရနှင့် ဆိုင်သမျှသောသူတို့နှင့် သူတို့ဥစ္စာရှိသမျှကို၎င်း မျိုလေ၏။

33. ထိုသူတို့သည်ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှသောသူတို့နှင့်တကွ၊ အသက်ရှင်လျက် သေမင်းနိုင်ငံသို့ဆင်းသက်၍၊ သူတို့အပေါ်မှာမြေစေ့ပြန်သဖြင့်၊ သူတို့သည် ပရိသတ်မှပယ်ရှင်းခြင်းကိုခံရကြ၏။

34. သူတို့အော်ဟစ်သံကို ပတ်ဝန်းကျင်၌ရှိသောဣသရေလအမျိုးသားတို့သည် ကြားလျှင်၊ ငါတို့ကိုလည်းမြေမျိုကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက်ပြေးကြ၏။

35. နံ့သာပေါင်းကိုမီးရှို့၍ ပူဇော်သောသူနှစ်ရာငါးဆယ်တို့ကိုလည်း၊ ထာဝရဘုရားထံတော်က မီးထွက်၍လောင်လေ၏။

36. ထာဝရဘုရားကလည်း၊ ထိုသန့်ရှင်းသောလင်ပန်းတို့ကို မီးလောင်ရာထဲက ကောက်ယူ၍၊ မီးကိုပစ်ချပြီးမှ၊

37-38. ကိုယ်အသက်ကို သေစေခြင်းငှါ ပြစ်မှားသောသူတို့၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် အာရုန်၏သားဧလာဇာကို ဆင့်ဆိုလော့။ ထာဝရဘုရားရှေ့တော်၌ ပူဇော်သောကြောင့်၊ ထိုလင်ပန်းတို့သည် သန့်ရှင်းသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အား နိမိတ်ဖြစ် ရကြမည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊

39. ယဇ်ပုရောဟိတ်ဧလာဇာသည်၊ မီးလောင်ခြင်းကိုခံရသော သူတို့ပူဇော်သော လင်ပန်းများကိုယူ၍ ယဇ်ပလ္လင်ကို ဖုံးအုပ်စရာကြေးဝါပြားတို့ကို လုပ်လေ၏။

40. ထိုသို့အာရုန်အမျိုးမဟုတ်။ အခြားတပါးသောအမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့၍ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏ အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည်အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။

41. နက်ဖြန်နေ့၌ ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့က၊ သင်တို့သည် ထာဝရဘုရား၏လူတို့ကိုသတ်ကြပြီဟုဆိုလျက်၊ မောရှေနှင့် အာရုန်တို့ကို အပြစ်တင်၍ မြည်တမ်းကြ၏။

42. ပရိသတ်အပေါင်းတို့သည် မောရှေနှင့် အာရုန်တဘက်၌စုဝေးကြသောအခါ၊ ပရိသတ်စည်းဝေးရာတဲတော်သို့ မြော်ကြည့်၍၊ မိုဃ်းတိမ်သည် တဲတော်ကိုလွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှားလေ၏။

43. မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ချဉ်းကပ်ကြ၏။

44. ထာဝရဘုရားကလည်း၊

45. ဤပရိသတ်တို့ကိုရှောင်၍နေကြလော့။ ငါသည် သူတို့ကို ချက်ခြင်းဖျက်ဆီးမည်ဟု မောရှေအားမိန့်တော်မူလျှင်၊ သူတို့သည် ပြပ်ဝပ်လျက် နေကြ၏။

46. မောရှေကလည်း၊ သင်သည် လင်ပန်းကိုကိုင်၍ ယဇ်ပလ္လင်ပေါ်က မီးကို ယူထည့်ပြီးလျှင်၊ လောဗန်ကိုလည်းတင်လျက်၊ ပရိသတ်ရှိရာသို့ အလျင်အမြန်သွား၍ အပြစ်ဖြေခြင်းကိုပြုလော့။ ထာဝရဘုရားထံတော်က အမျက်တော်ထွက်၍ ဘေးဥပဒ်ရောက်လျက်ရှိပြီဟု၊

47. အာရုန်အားမှာထားသည်အတိုင်း၊ အာရုန်သည်ယူ၍ ပရိသတ်ထဲသို့ ပြေးလေ၏။ ထိုအခါ လူတို့၌ဘေးဥပဒ်ရောက်စရှိသည်ဖြစ်၍၊ လောဗန်ကို တင်သဖြင့် လူများတို့အဘို့ အပြစ်ဖြေခြင်းကိုပြု၏။

48. အသက်ရှင်သောသူ၊ သေသောသူစပ်ကြားမှာရပ်နေ၍၊ ဘေးဥပဒ်ငြိမ်းလေ၏။

49. ကောရအမှုကြောင့် သေသောသူတို့ကိုထား၍ ထိုဘေးဥပဒ်ဖြင့်သေသော လူပေါင်းကား၊ တသောင်းလေးထောင်ခုနစ်ရာရှိသတည်း။

50. ထိုဘေးဥပဒ်ငြိမ်းပြီးမှ၊ အာရုန်သည် ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၊ မောရှေထံသို့ ပြန်လာ၏။