ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 15:9-27 Judson Bible (BJB)

9. မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ၊

10. နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကို၎င်း၊ သွန်းလောင်းရာပူဇော်သက္ကာဘို့ စပျစ်ရည်ခြောက်လောဃ ကို၎င်း ဆောင်ခဲ့ရမည်။

11. နွားတကောင်၊ သိုးတကောင်၊ သိုးသငယ်တကောင်၊ ဆိတ်သငယ်တကောင်ကို ယဇ်ပူဇော်သောအခါ ထိုသို့ပြုရမည်။

12. ပြင်ဆင်သော သိုးနွားအရေအတွက်သို့လိုက်၍၊ တကောင်ကောင်ကို ထိုသို့ပြုရမည်။

13. ပြည်သားအပေါင်းတို့သည် မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ၊ ထိုသို့နှင့်အညီ ပြုရကြမည်။

14. သင်တို့တွင် တည်းခိုသောတပါးအမျိုးသားဖြစ်စေ၊ အခြားတပါးသောသူဖြစ်စေ၊ မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ အလိုရှိလျှင်၊ သင်တို့ပြုသည်နည်းတူ သူသည်လည်းပြုရမည်။

15. ပရိသတ်အဝင်ဖြစ်သောသူ၊ သင်တို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည်၊ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော တပါးတည်းသောထုံးစံရှိ၍၊ ထာဝရဘုရားရှေ့တော်၌ သင်တို့သည်ဖြစ်သည်နည်းတူ သူသည်လည်း ဖြစ်ရမည်။

16. သင်တို့ကိုယ်တိုင်မှစ၍ သင်တို့တွင်တည်းခိုသော တပါးအမျိုးသားတို့သည် တပါးတည်းသောတရား၊ တပါးတည်းသောထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။

17. တဖန်မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

18. ငါပို့ဆောင်သောပြည်သို့ သင်တို့သည်ရောက်၍၊

19. ထိုပြည်၌ဖြစ်သော မုန့်ကိုစားကြသောအခါ၊ ထာဝရဘုရားအားချီးမြှောက်ရာ ပူဇော်သက္ကာကို ဆက်ရမည်။

20. အဦးနယ်သောမုန့်စိမ်းဖြင့် လုပ်သောမုန့်ပြားကို ချီမြှောက်ရာပူဇော်သက္ကာပြု၍ ကောက်နယ်တလင်းထဲကချီမြှောက်ရာ ပူဇော်သက္ကာကိုပြုသကဲ့သို့ ချီမြှောက်ရမည်။

21. သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ အဦးနယ်သောမုန့်စိမ်းထဲက ချီမြှောက်ရာ ပူဇော်သက္ကာကို ထာဝရဘုရားအားဆက်ရကြမည်။

22. ထာဝရဘုရားသည် မောရှေကိုမှာထားသောနေ့မှစ၍၊ မောရှေအားဖြင့် သင်တို့၌ ထားတော်မူသောပညတ်၊

23. သင်တို့အမျိုးအစဉ်အဆက်၌ ထားတော်မူလတံ့သော ပညတ်အလုံးစုံတို့ကို သင်တို့သည်မစောင့်၊ မှားယွင်းခြင်းသို့ ရောက်ကြသည်အမှုမှာ၊

24. ပရိသတ်အပေါင်းတို့သည် မသိဘဲသတိလစ်၍ မှားယွင်းခြင်းသို့ရောက်လျှင်၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဘို့မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ၊ ထုံးဖွဲ့သောထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသောနွားထီးဖြင့် မီးရှို့ရာယဇ်ကို၎င်း၊ ဆိတ်ဖြင့် အပြစ်ဖြေရာယဇ်ကို၎င်း ပူဇော်ရကြမည်။

25. ယဇ်ပုရောဟိတ်သည်၊ ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကိုပြုရသဖြင့်၊ သူတို့သည် သတိလစ်၍ပြစ်မှားသောကြောင့်၊ ထိုအပြစ် ကို လွှတ်ရလိမ့်မည်။ သူတို့သည်လည်း သတိလစ်သောအပြစ်ကြောင့်၊ အပြစ်ဖြေရာယဇ်နှင့်တကွ၊ မီးဖြင့်ပြုသောပူဇော်သက္ကာကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရကြမည်။

26. ထိုသို့ပြုလျှင်၊ လူအပေါင်းတို့သည်ပြစ်မှားသော်လည်း၊ သတိလစ်၍ ပြစ်မှားသောကြောင့်၊ ဣသရေလအမျိုးသားပရိသတ်အပေါင်းကို၎င်း၊ သူတို့ထံမှာ တည်းခိုသောတပါးအမျိုးသားကို၎င်း ထိုအပြစ်မှလွှတ်ရလိမ့်မည်။

27. လူတစုံတယောက်သည် သတိလစ်၍ပြစ်မှားလျှင်၊ အပြစ်ဖြေရာ ယဇ်ဘို့အခါမလည်သော ဆိတ်မတကောင်ကို ဆောင်ခဲ့ရမည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တော​လည် 15