33. ဤတော၌ သင်တို့အသေကောင်များ ပျောက်ပျက်သည်တိုင်အောင်၊ ကိုယ်သားသမီးတို့သည် မိဘမှားယွင်းခြင်းအပြစ်များကိုဆောင်၍၊ ဤတော၌ အနှစ် လေးဆယ်ပတ်လုံး လှည့်လည်ရကြလိမ့်မည်။
34. ထိုပြည်ကို စူးစမ်းရာနေ့ရက်ပေါင်း အရက်လေးဆယ်နှင့်အညီ၊ တရက်ကို တနှစ်ထား၍ အနှစ်လေးဆယ်ပတ်လုံး ကိုယ်အပြစ်ကိုဆောင်လျက်၊ ငါ့စွန့်ပစ်ခြင်းကို သိရကြလိမ့်မည်။
35. အကယ်စင်စစ် ငါတဘက်၌စည်းဝေးသော ဤပရိသတ်ဆိုးအပေါင်းတို့ကို ထိုသို့ငါပြု၍ သူတို့သည် ဤတော၌သေကြပျောက်ပျက်ကြလိမ့်မည်ဟု ငါထာဝရ ဘုရားမိန့်တော်မူ၏။
36. မောရှေစေလွှတ်သောအခွင့်နှင့် ခါနာန်ပြည်ကို စူးစမ်း၍ပြန်လာသောအခါ၊ ထိုပြည်ကိုကဲ့ရဲ့သဖြင့် ပရိသတ်အပေါင်းမြည်တမ်းစေခြင်းငှါတိုက်တွန်းသောသူ၊
37. ခါနာန်ပြည်ကို မကောင်းသောသိတင်း ကြားပြောသောသူတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ကာလနာဘေးနှင့် သေကြလေ၏။
38. ထိုပြည်ကိုစူးစမ်း၍ သွားသောလူတို့တွင် နုန်၏သားယောရှုနှင့် ယေဖုန္န၏သား ကာလက်တို့သာ အသက်ချမ်းသာရကြ၏။
39. မောရှေသည် ဣသရေလအမျိုးသားအပေါင်းတို့အား စကားတော်များကို ဆင့်ဆိုသောအခါ၊ လူများတို့သည် အလွန်ညည်းတွားလျက်နေကြ၏။
40. နံနက်စောစောထ၍ တောင်ထိပ်ပေါ်သို့တက်ပြီးလျှင် ငါတို့သည်ပြစ်မှားပြီ။ သို့သော်လည်း ယခုအသင့်ရှိပါ၏။ ထာဝရဘုရား ဂတိထားတော်မူသောပြည်သို့ သွားပါမည်ဟုဆိုကြသော်၊
41. မောရှေက၊ ထာဝရဘုရား၏အမိန့်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ သင်တို့အကြံမထမြောက်ရ။
42. မသွားကြနှင့်၊ ထာဝရဘုရားသည် သင်တို့ဘက်၌ရှိတော်မမူ။ သွားလျှင် ရန်သူရှေ့မှာရှုံးရကြလိမ့်မည်။