အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 11 Judson Bible (BJB)

1. တဖန်လူများတို့သည် အလိုတော်မရှိသော မြည်တမ်းခြင်းကိုပြုကြသဖြင့်၊ ထာဝရဘုရားတို့သည် သူတို့စကားကိုကြား၍ အမျက်ထွက်တော်မူ၏။ ရှို့တော်မူသောမီးသည် သူတို့တွင်လောင်၍ တပ်အစွန်အနား၌ရှိသော သူအချို့တို့ကို သေစေလေ၏။

2. လူများတို့သည် မောရှေအားအော်ဟစ်၍၊ မောရှေသည် ထာဝရဘုရားကို ဆုတောင်းသဖြင့် မီးငြိမ်းလေ၏။

3. ထာဝရဘုရား၏မီးသည် သူတို့တွင်လောင်သောကြောင့် ထိုအရပ်ကို တဗေရဟူသောအမည်ဖြင့် မှည့်လေ၏။

4. ဣသရေလအမျိုးသားတို့နှင့် ရောနှောလျက်ပါသောတပါးအမျိုးသားတို့သည် တောင့်တသောစိတ်စွဲလမ်းကြ၏။ ဣသရေလအမျိုးသားတို့သည်လည်း တဖန်ငိုကြွေးလျက် ငါတို့စားစရာဘို့ အမဲသားကိုအဘယ်သူပေးလိမ့်မည်နည်း။

5. အဲဂုတ္တုပြည်၌ အလိုအလျောက်စားရသောငါးသား၊ သခွါးသီး၊ ဖရဲသီး၊ ကြက်သွန်၊ အနီ၊ အဖြူ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့၏။

6. ယခုမှာ ငါတို့အသက်သည်အားလျော့ပြီ။ ဤမန္နမှတပါး တစုံတခုကိုမျှ မမြင်ရဟုဆိုကြ၏။

7. မန္နသည်နံနံစေ့နှင့်တူ၍ ဗဓေလသစ်စေ့ကဲ့သို့ အဆင်းဖြစ်၏။

8. လူများတို့သည်လှည့်လည်လျက် မန္နကိုစုသိမ်း၍ ဆုံ၌ကြိတ်ခြင်း၊ ထောင်းခြင်းကိုပြုပြီးမှ အိုးနှင့် ပြုတ်ကြ၏။ မုန့်ပြားကိုလည်းလုပ်ကြ၏။ အရသာသည် မုန့်ဆီကြော်အရသာနှင့်တူ၏။

9. စားခန်းချရာအရပ်၌ ညဉ့်အခါနှင်းနှင့်အတူ မနက်ကျတတ်၏။

10. ထိုအခါလူများအသီးအသီးတို့သည် မိမိတဲတံခါးဝ၌ မိမိအိမ်ထောင်နှင့်တကွ ငိုကြွေးကြသည်ကို မောရှေကြားရ၏။ ထာဝရဘုရားသည် ပြင်းစွာအမျက် ထွက်တော်မူ၏။ အပြစ်ရှိသည်ကိုမောရှေသိမြင်လျှင်၊

11. ဤလူအပေါင်းတို့ကိုထမ်းစေဟု သူတို့ကို ကိုယ်တော်ကျွန်အပေါ်မှာတင်၍ အဘယ်ကြောင့် အကျွန်ုပ်ကို ညှဉ်းဆဲတော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့တော်၌ မျက်နှာမရဘဲနေရပါသနည်း။

12. သူတို့ဘိုးဘေးများ၌ ကျိန်ဆိုတော်မူသောပြည်သို့သွား၍၊ အထိန်းသည် နို့စို့သူငယ်ကိုဆောင်သကဲ့သို့ ဤလူတို့ကိုပိုက်ချီလျက်ဆောင်လော့ဟု အကျွန်ုပ်အား မိန့်တော်မူမည်အကြောင်း၊ ဤလူအပေါင်းတို့ကို အကျွန်ုပ်သည် ကိုယ်ဝန်ဆောင်ပါသလော။ ဘွားမြင်ပါသလော။

13. ဤလူအပေါင်းတို့အား ကျွေးစရာဘို့အမဲသားကို အကျွန်ုပ်သည် အဘယ်မှာရနိုင်ပါအံ့နည်း။ သူတို့က အကျွန်ုပ်တို့စားစရာဘို့ အမဲသားကိုပေးပါဟု ငိုကြွေးလျက် အကျွန်ုပ်ကိုတောင်းကြပါ၏။

14. ဤလူအပေါင်းတို့ကို အကျွန်ုပ်တယောက်တည်းသာမဆောင်ရွက်နိုင်ပါ။ ဆောင်ရွက်ရသောဝန်လည်းလေးလွန်းပါ၏။

15. ထိုသို့အကျွန်ုပ်၌ပြုတော်မူလျှင်၎င်း၊ စိတ်တွေ့တော်မူလျှင်၎င်း၊ အကျွန်ုပ်ကိုအလျင်အမြန်သေစေတော်မူပါ။ ကိုယ်ဆင်းရဲကို ကိုယ်မသိမမြင်ပါစေနှင့်ဟု ဘုရားအားလျှောက်ဆို၏။

16. ထာဝရဘုရားကလည်း၊ သင်ကျွမ်းကျင်သောဣသရေလအမျိုးသား အသက်ကြီးခုနစ်ကျိပ်တို့ကို ငါ့ရှေ့မှာစုဝေးစေပြီးလျှင်၊ ပရိသတ်စည်းဝေးရာ တဲတော် သို့ခေါ်ခဲ့၍ သင်နှင့်အတူ ရပ်နေကြစေလော့။

17. ငါသည်လည်း ထိုအရပ်သို့ဆင်းသက်၍ သင်နှင့်နှုတ်ဆက်မည်။ သင့်အပေါ်မှာ ကျိန်းဝပ်သောဝိညာဉ်အချို့ကိုငါယူ၍ သူတို့အပေါ်မှာတင်မည်။ ဤလူ တို့ကို သင်တယောက်တည်းသာ ဆောင်ရွက်ရမည်မဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက်ရကြမည်။

18. သင်သည်လည်း လူများတို့အားဆင့်ဆိုရမည်မှာ၊ နက်ဖြန်နေ့အဘို့ ကိုယ်ကိုသန့်ရှင်းစင်ကြယ်လော့။ အမဲသားကိုစားရကြမည်။ သင်တို့က အဘယ်သူသည် ငါတို့အား အမဲသားကိုပေးလိမ့်မည်နည်း။ အဲဂုတ္တုပြည်၌နေစဉ်၊ ငါတို့သည်ချမ်းသာစွာနေကြ၏ဟု ငိုကြွေးလျက်ပြောဆိုသံကို ထာဝရဘုရားကြားသောကြောင့်၊ အမဲသားကိုပေးတော်မူသဖြင့် သင်တို့သည် စားရကြမည်။

19. တရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်၊ အရက်နှစ်ဆယ်သာ စားရကြမည်မဟုတ်။

20. သင်တို့နှာခေါင်းထဲကအမဲသားထွက်၍ ရွံစရာဖြစ်သည်တိုင်အောင် တလပတ်လုံးစားရကြမည်။ အကြောင်းမူကား၊ သင်တို့တွင်ရှိတော်မူသော ထာဝရ ဘုရားကို၊ သင်တို့သည်မထီမဲ့မြင်ပြုလျက်၊ ငါတို့သည် အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ထွက်လာရာကြသနည်းဟု ရှေ့တော်၌ ငိုကြွေးလျက်ပြောဆိုကြပြီတကားဟု မောရှေအား မိန့်တော်မူ၏။

21. မောရှေကလည်း၊ အကျွန်ုပ်နှင့်ဆိုင်သော လူယောက်ျားပေါင်း ခြောက်သိန်းရှိကြသည်ဖြစ်၍ ကိုယ်တော်က တလစားစရာဘို့ သူတို့အားအမဲသားကို ငါပေးမည်ဟု မိန့်တော်မူပါသည်တကား၊

22. သူတို့ကိုဝစွာကျွေးခြင်းငှါ၊ သိုးဆိတ်နွားစုတို့ကို သတ်ရပါမည်လော။ သို့မဟုတ် ဝစွာကျွေးခြင်းငှါ၊ ပင်လယ်ငါးရှိသမျှတို့ကိုစုဝေးရပါမည်လောဟုလျှောက်လျှင်၊

23. ထာဝရဘုရားက ထာဝရဘုရားလက်တိုသလော။ ငါ့စကားတည်မည် မတည်မည်ကို သင်သိလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။

24. မောရှေသည်ထွက်၍ ထာဝရဘုရား၏စကားတော်ကို လူများတို့အား ဆင့်ဆိုပြီးလျှင် အမျိုးသား၊ အသက်ကြီးသူခုနစ်ကျိပ်တို့ကိုစုဝေးစေ၍၊ ပရိသတ် စည်းဝေးရာတဲတော်ပတ်လည်၌ ထားလေ၏။

25. ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့်ဆင်းသက်၍ မောရှေနှင့် နှုတ်ဆက်တော်မူ၏။ မောရှေအပေါ်မှာ ကျိန်းဝပ်သောဝိညာဉ်အချို့ကိုယူ၍ အသက်ကြီးသူခုနစ်ကျိပ်တို့အပေါ်မှာ တင်တော်မူသဖြင့်၊ ထိုဝိညာဉ်သည် သူတို့အပေါ်မှာကျိန်းဝပ်သောအခါ၊ သူတို့သည်ပရောဖက်ပြု၍ မပြတ်မစဲဟောကြ၏။

26. ထိုလူစု၌ပါသောသူ ဧလဒဒ်နှင့် မေဒဒ်တို့သည်စာရင်းဝင်သော်လည်း၊ တဲတော်သို့မသွားဘဲ တပ်ထဲမှာနေရစ်စဉ်တွင် သူတို့အပေါ်မှာ ထိုဝိညာဉ်ကျိန်းဝပ်သဖြင့် သူတို့သည်လည်းပရောဖက်ပြု၍ တပ်ထဲမှာဟောကြ၏။

27. လုလင်တယောက်သည်လည်း မောရှေထံသို့ပြေး၍၊ ဧလဒဒ်နှင့် မေဒဒ်တို့သည် တပ်ထဲမှာ ပရောဖက်ပြု၍ဟောပါ၏ဟုလျှောက်လျှင်၊

28. မောရှေ၏လက်ထောက်ဖြစ်သော လုလင်နုန်သားယောရှုက၊ သခင်မောရှေ၊ သူတို့ကိုဆီးတားတော်မူပါဟုဆိုသော်၊

29. မောရှေက၊ သင်သည် ငါ့အတွက်ငြူစူသောစိတ်ရှိသလော။ ထာဝရဘုရား၏ လူအပေါင်းတို့သည်ပရောဖက်ဖြစ်ကြပါစေသော။ ထာဝရဘုရားသည်ဝိညာဉ်တော်ကို သူတို့အပေါ်မှာတင်တော်မူပါစေသောဟု ဆိုပြီးမှ၊

30. ဣသရေလအမျိုးသားအသက်ကြီးသူတို့နှင့် အတူ တပ်ထဲသို့ပြန်သွားလေ၏။

31. ထိုအခါ ထာဝရဘုရားသည်လေကိုစေလွှတ်၍၊ ငုံးများကို ပင်လယ်မှ ဆောင်ခဲ့သဖြင့်၊ တပ်ပတ်လည် တရက်ခရီးစီတိုင်တိုင်ကွာသောအရပ်တို့၌၊ မြေပေါ်မှာ ဒုနှစ်တောင်ခန့်မျှ ဆင်းစေတော်မူ၏။

32. လူများတို့သည် တနေ့လုံး၊ တညဉ့်လုံး၊ နက်ဖြန်လည်းတနေ့လုံးထ၍ ငုံးများကို စုသိမ်းကြ၏။ နည်းနည်းသိမ်းသောသူသည် ဆယ်ဟောမဲကိုသိမ်းရ၏။ တပ်ပတ် လည်အရပ်ရပ်၌ ဖြန့်ထားကြ၏။

33. သို့ရာတွင် ငုံးသားကိုကိုက်၍မဝါးမှီ၊ ထာဝရဘုရားသည် သူတို့ကို အမျက်တော်ထွက်၍ အလွန်ပြင်းသောဘေးနှင့် ဒဏ်ခတ်တော်မူ၏။

34. တောင့်တသောသူတို့ကို သင်္ဂြိုဟ်ရာထိုအရပ်ကို ကိဗြုတ်သတ္တဝါဟူသော အမည်ဖြင့်မှည့်လေ၏။

35. လူများတို့သည် ကိဗြုဟ်ဟတ္တဝါအရပ်မှထွက်ပြီးလျှင်၊ ဟာဇရုတ်အရပ်သို့ ရောက်၍နေကြ၏။