15. ရေထ၍ မလွှမ်းပါစေနှင့်။ နက်နဲရာ၌ မမြုပ်ပါစေနှင့်။ အကျွန်ုပ်အပေါ်မှာ တွင်းဝမပိတ်ပါစေနှင့်။
16. အိုထာဝရဘုရား၊ ကျေးဇူးပြုချင်သော စေတနာတော်သည် ကောင်းမွန်သောကြောင့်၊ အကျွန်ုပ်စကား ကို နားထောင်တော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်ကို မျက်နှာ ပြတော်မူပါ။
17. ကိုယ်တော်၏ ကျွန်မှ မျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ဘေးရောက်ပါပြီ။ အလျင်အမြန် နားထောင် တော်မူပါ။
18. အကျွန်ုပ်၏အသက်ဝိညာဉ်သို့ ချဉ်းကပ်၍ ရွေးတော်မူပါ။ ရန်သူများရှိကြောင်းကို ထောက်၍ ချမ်းသာပေးတော်မူပါ။
19. အကျွန်ုပ်ခံရသော ကဲ့ရဲ့ခြင်း၊ အရှက်ကွဲခြင်း၊ အသရေပျက်ခြင်းတို့ကို ကိုယ်တော်သည် သိတော်မူ၏။ အကျွန်ုပ်၏ ရန်သူအပေါင်းတို့သည် ရှေ့တော်၌ ထင်ရှားလျက် ရှိကြပါ၏။
20. ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည် စိတ်ပျက်၍ အလွန်ပူဆွေးခြင်း ရှိပါ၏။ သနားသောသူကို ကြည့်၍ မမြင်။ သက်သာစေသောသူကို ရှာ၍ မတွေ့ရပါ။
21. အကျွန်ုပ်စားစရာဘို့ ဆေးခါးကို ကျွေးကြပါ၏။ ရေငတ်သောအခါ ပုံးရည်ကို တိုက်ကြပါ၏။
22. သူတို့စားပွဲသည် သူတို့ရှေ့မှာ ကျော့ကွင်းသော်၎င်း၊ ခံထိုက်သောအပြစ်သော်၎င်း၊ ထောင်ချောက်သော် ၎င်း ဖြစ်ပါစေ။
23. သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ။ သူတို့ခါးသည်လည်း အစဉ်တုန်ပါစေ။
24. သူတို့အပေါ်မှာ အမျက်တော်ကို သွန်းလောင်းတော်မူ၍၊ အမျက်တော်အရှိန်သည် သူတို့ကို မှီပါစေ။
25. သူတို့နေရာအရပ်သည် လူဆိတ်ညံရာအရပ် ဖြစ်ပါစေ။ သူတို့အိမ်၌နေသောသူ မရှိပါစေနှင့်။
26. အကြောင်းမူကား၊ သူတို့သည် ဒဏ်ခတ်တော်မူသော သူကို ညှဉ်းဆဲကြပါ၏။ နာစေတော်မူသောသူတို့ကို ထပ်၍ နာစေကြပါ၏။
27. သူတို့အပြစ်၌ အပြစ်ကိုထပ်၍ ပေးတော်မူပါ။ ကုသိုလ်တော်နှင့် မဆိုင်ကြပါစေနှင့်။
28. အသက်ရှင်သောသူတို့စာရင်း၌ သူတို့နာမည်များကို ချေ၍၊ ဖြောင့်မတ်သောသူတို့နှင့် အတူမရေး မမှတ်ပါစေနှင့်။
29. အကျွန်ုပ်မူကား၊ ဆင်းရဲငြိုငြင်ပါ၏။ အိုဘုရားသခင်၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည် အကျွန်ုပ်ကို ချီးမြှင့်ပါစေသော။
30. ငါသည် ဘုရားသခင်၏ နာမတော်ကို ထောမနာသီချင်းဆိုမည်။ ကျေးဇူးတော်ကို ပြ၍ ဘုရားသခင်ကို ချီးမွမ်းမည်။
31. ထာဝရဘုရားသည် ချိုနှင့်၎င်း၊ ခွါနှင့်၎င်း ပြည့်စုံသော နွားလားကို နှစ်သက်သည်ထက်၊ ထိုအကျင့်ကို သာ၍ နှစ်သက်တော်မူလိမ့်မည်။
32. နှိမ့်ချသော သူတို့သည် မြင်၍ ဝမ်းမြောက်ကြလိမ့်မည်။ ဘုရားသခင်ကို ရှာသော သူတို့၏ စိတ်နှလုံး သည် အားပြည့်လိမ့်မည်။
33. ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏စကားကို နားထောင်တော်မူ၏။ အချုပ်ခံရသော မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ်။