ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 8:9-22 Judson Bible (BJB)

9. မြေတပြင်လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကို မတွေ့သဖြင့်၊ နောဧရှိရာ သင်္ဘောသို့ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကိုကိုင်ယူပြီးလျှင်၊ မိမိနေရာ သင်္ဘော ထဲသို့သွင်းလေ၏။

10. တဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို သင်္ဘောထဲက လွှတ်ပြန်၏။

11. ညဦးအချိန်၌ ချိုးသည် နောဧထံသို့ ပြန်လာ၍၊ မိမိဆိတ်ယူသော သံလွင်ရွက်ကို မိမိနှုတ်သီးဖြင့် ဆောင်ခဲ့သောကြောင့်၊

12. မြေကြီးပေါ်မှာ ရေကုန်ကြောင်းကို နောဧသိလေ၏။ တဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို လွှတ်ပြန်၏။ နောက်တဖန်ချိုးသည် မပြန်မလာနေ၏။

13. အနှစ်ခြောက်ရာတခု ပဌမလဆန်းတရက်နေ့တွင်၊ မြေကြီးပေါ်မှာ ရေခန်းခြောက်သည်ရှိသော်၊ နောဧသည် သင်္ဘောမိုးကိုပယ်ဖျက်၍ ကြည့်ရှုသောအခါ၊ မြေမျက်နှာသွေ့ခြောက်စရှိသည်ကို မြင်၏။

14. ဒုတိယလ၊ နှစ်ဆယ်ခုနစ်ရက်နေ့တွင် မြေကြီး သွေ့ခြောက်လေ၏။

15-16. ဘုရားသခင်ကလည်း သင်သည် သားမယား၊ ချွေးမတို့နှင့်တကွ၊ သင်္ဘောထဲက ထွက်ဆင်းလော့။

17. သင်ထံမှာ အသက်ရှင်သော တိရစ္ဆာန်၊ ငှက်များ၊ သားများ မြေပေါ်၌ တွားတတ်သောတိရစ္ဆာန်များတို့သည်၊ မြေပေါ်မှာသားကိုမွေး၍ အလွန် တိုးပွားများပြားမည်အကြောင်း၊ ထိုတိရစ္ဆာန်ရှိသမျှတို့ကို ကိုယ်နှင့်အတူ ထုတ်ဆောင်လော့ဟု၊ နောဧကို မိန့်တော်မူ၏။

18. ထိုအခါနောဧမှစ၍ သား၊ မယား၊ ချွေးမတို့သည် ထွက်ဆင်းကြ၏။

19. သားများ၊ တွားတတ်သောတိရစ္ဆာန်များ၊ ငှက်များ၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှသော အမျိုးမျိုးအပေါင်းတို့သည်လည်း၊ သင်္ဘောထဲက ထွက်ဆင်းကြ၏။

20. နောဧသည်လည်း၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ စင်ကြယ်သောသား၊ စင်ကြယ်သောငှက်အမျိုးမျိုးထဲကယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သောယဇ်ကို ပူဇော်လေ၏။

21. ထာဝရဘုရားသည်လည်း မွှေးကြိုင်သော အနံ့ကိုခံယူ၍၊ ငါသည် နောက်တဖန်လူတို့အတွက် မြေကြီးကို မကျိန်။ အကြောင်းမူကား၊ လူတို့သည် ငယ်သောအရွယ်မှစ၍၊ စိတ်နှလုံးအကြံအစည်ဆိုးကြ၏။ ငါသည် ယခုတခါ ပြုပြီးသကဲ့သို့၊ အသက်ရှင်သောအရာရှိသမျှတို့ကို နောက်တဖန်ဒဏ်မခတ်။

22. မြေကြီးမကုန်မှီတိုင်အောင် မျိုးစေ့ကြဲရသော ကာလ၊ အသီးအနှံကို သိမ်းရသောကာလ၊ ချမ်းသောကာလ၊ ပူသောကာလ၊ နွေကာလ၊ ဆောင်းကာလ မပြတ်ရဟု အမိန့်တော်ရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 8