ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 6:1-14 Judson Bible (BJB)

1. မြေကြီးမျက်နှာပေါ်မှာလူတို့သည်များပြား၍ သမီးများကိုလည်း ရကြသောအခါ၊

2. ဘုရားသခင်၏သားတို့သည် လူသမီးတို့လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဘက်ကြ၏။

3. ထာဝရဘုရားကလည်း ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ။ အကြောင်းမူကား လူတို့သည်အသားဖြစ်၏။ သူ၏အသက်တန်းသည်လည်း၊ အနှစ်တရာနှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ၏။

4. ထိုကာလ၌၊ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသောသူအချို့ရှိကြ၏။ ထိုနောက်၌လည်း၊ ဘုရားသခင်၏သားတို့သည်၊ လူသမီးတို့နှင့် ဆက်ဆံ၍ ရသောသားတို့သည်၊ အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူ ဖြစ်ကြ၏။

5. မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို၊ ဘုရားသခင်သိမြင်တော်မူလျှင်၊

6. မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို နောက်တရ၍၊ နှလုံးတော်ပူပန်လျက် ရှိတော်မူ၏။

7. ထာဝရဘုရားကလည်း၊ ငါဖန်ဆင်းသော လူကို၎င်း၊ လူမှစ၍ သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ မိုဃ်းကောင်းကင်ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှာ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းသောကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။

8. နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း။

9. နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွားလာ၏။

10. နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။

11. ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။

12. ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖောက်ပြန်ခြင်းသို့ ရောက်ကြပြီ။

13. ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။

14. ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 6