24. ထိုနောက်ကျွန်တော်တို့သည် ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့ အဘထံသို့ ပြန်၍ရောက်သောအခါ၊ သခင်စကားတော်ကို အဘအားပြန်ကြားပါ၏။
25. ကျွန်တော်တို့အဘကလည်း၊ တဖန်သွား၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဟုဆိုသောအခါ၊
26. ကျွန်တော်တို့က၊ အကျွန်ုပ်တို့သည် မသွားနိုင်ပါ။ ညီပါလျှင်သွားနိုင်ပါ၏။ ညီမပါလျှင် ထိုသူ၏မျက်နှာကိုမမြင်ရပါဟု ပြန်ပြောပါ၏။
27. ကိုယ်တော်ကျွန်၊ ကျွန်တော်အဘကလည်း၊ သင်တို့သိသည့်အတိုင်း ငါ့မယားသည် ငါ့အားသားနှစ်ယောက်ကို ဘွား၏။
28. တယောက်ကား ငါ့ထံမှထွက်သွား၏။ အကယ်စင်စစ် သူသည် အပိုင်းအပိုင်း ကိုက်ဖြတ်ခြင်းကို ခံရပါပြီတကားဟု ငါဆိုရ၏။ ထိုကာလမှစ၍ သူ့ကိုငါမမြင်ရ။
29. ဤသူကိုလည်း ငါ့ထံမှယူသွား၍ သူ၌ဘေးရောက်လျှင်၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ကျွန်တော်တို့အားဆိုပါ၏။
30. သို့ဖြစ်၍ ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ကျွန်တော်အဘထံသို့ရောက်သောအခါ၊ သူငယ်မပါလျှင် အဘ၏အသက်သည် သူငယ်၏အသက်၌ မှီလျက်ရှိသောကြောင့်၊
31. သူငယ်မရှိသည်ကို မြင်သောအခါ အဘသေပါလိမ့်မည်။ ကိုယ်တော်ကျွန်တော်တို့သည်၊ ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘ ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြပါလိမ့်မည်။
32. ကိုယ်တော်ကျွန်က၊ အကျွန်ုပ်သည် တဖန်သူငယ်ကို အဘထံသို့ ပြန်၍မဆောင်ခဲ့လျှင်၊ အစဉ်မပြတ် အဘရှေ့မှာအပြစ်ကိုခံပါစေဟုဆိုသဖြင့်၊ အဘထံမှာ သူငယ်၏အာမခံဖြစ်ပါ၏။
33. သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် သူငယ်အတွက်နေရစ်၍ သခင်ထံကျွန်ခံရသောအခွင့်၊ သူငယ်ကိုကား အစ်ကိုတို့နှင့်အတူ သွားရသောအခွင့်ကို ပေးတော်မူပါ။
34. သူငယ်သည် ကျွန်တော်တို့မပါလျှင်၊ ကျွန်တော်အဘထံသို့ အဘယ်သို့ ကျွန်တော်သွားနိုင်ပါမည်နည်း။ သို့ပြုလျှင် ကျွန်တော်အဘ၌ရောက်လတံ့သော ဘေးဥပဒ်ကို ကျွန်တော်မြင်ရပါလိမ့်မည်တကားဟု လျှောက်လေ၏။