13. ဘတ်သည်အတိုင်းလည်းမှန်ပါ၏။ ကျွန်တော်သည် အရင်အရာကိုရပြန်၍၊ စားတော်ဝန်မူကား၊ ဆွဲထားခြင်းကိုခံရပါသည်ဟု လျှောက်လေ၏။
14. ထိုအခါဖာရောမင်းသည်လူကိုစေလွှတ်၍ ယောသပ်ကို ခေါ်တော်မူ၏။ ယောသပ်သည် ထောင်ထဲကအလျင်အမြန်ထွက်ရ၍၊ မုတ်ဆိတ်ညှပ်ခြင်း၊ အဝတ် လဲခြင်းကိုပြုပြီးမှ အထံတော်သို့ဝင်ရ၏။
15. ဖာရောမင်းကလည်း၊ ငါသည်အိပ်မက်ကိုမြင်မက်ပြီ။ အနက်ကို အဘယ်သူမျှမဘတ်နိုင်။ သင်သည် အိပ်မက်ကို နားလည်သောဥာဏ်နှင့် အနက်ဘတ်နိုင်သည်ကို ငါကြားရပြီဟုဆို၏။
16. ယောသပ်ကလည်း၊ ကျွန်တော်သည် အလိုအလျောက်မတတ်နိုင်ပါ။ ဘုရားသခင်သည် မင်္ဂလာအဖြေစကားကို ဖာရောဘုရင်အားပေးတော်မူပါစေသောဟု လျှောက်လေ၏။
17. ဖာရောမင်းကလည်း၊ ငါမြင်မက်သည်မှာ၊ မြစ်နား၌ငါရပ်နေ၏။
18. အဆင်းလှ၍ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍၊ မြစ်နားမှာပေါက်သော မြက်ပင်ကိုစားလျက် နေကြ၏။
19. ထိုနွားတို့နောက်မှ၊ အဆင်းမလှ ပိန်ကြုံသောနွားခုနစ်ကောင်တို့သည် ထွက်လာကြ၏။ ထိုမျှလောက် အရုပ်ဆိုးသောနွားတို့ကို အဲဂုတ္တုပြည်တရှောက်လုံးတွင် တခါမျှမမြင်ရစဖူး။
20. အဆင်းမလှပိန်သောနွားတို့သည်၊ ဝသောအရင်နွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။
21. စားပြီးသောနောက်၊ စားမှန်းကို အဘယ်သူမျှမသိရ။ အရင်ကဲ့သို့ အရုပ်ဆိုးသေး၏။ ငါလည်းနိုး၏။
22. တဖန်ငါမြင်မက်ပြန်သည်ကား၊ အလုံးကြီး၍ ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း၌ဖြစ်ကြ၏။
23. ထိုနောက်မှ ညှိုးနွမ်းလျက်အလုံးသေး၍ အရှေ့လေဖြင့်ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။
24. အလုံးသေးသောစပါးနှံတို့သည် ကောင်းသောစပါးခုနစ်နှံတို့ကို စားကြ၏။ ထိုအိမ်မက်ကို ဗေဒင်တတ်တို့အားငါကြားပြော၍ အနက်ကို အဘယ်သူမျှ မဘတ်နိုင်ဟု ယောသပ်အားပြောဆိုတော်မူ၏။
25. ယောသပ်ကလည်း၊ ဖာရောဘုရင်မြင်မက်တော်မူသော အိပ်မက်ကား တပါးတည်းဖြစ်ပါ၏။ ဘုရားသခင်ပြုလတံ့သောအမှုကို ဖာရောဘုရင်အား ပြတော်မူပြီ။
26. ကောင်းသောနွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ၏။ ကောင်းသောစပါးခုနစ်နှံတို့သည်လည်း ခုနစ်နှစ်ဖြစ်ပါ၏။ အိပ်မက်တော်ကား တပါးတည်းဖြစ်ပါ၏။
27. ထိုနွားတို့နောက်ထွက်လာသောနွား၊ ပိန်၍အရုပ်ဆိုးသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ၏။ အရှေ့လေဖြင့်ပျက်သော စပါးဖျင်း ခုနစ်နှံတို့သည်လည်း၊ အစာခေါင်းပါးသော ခုနစ်နှစ်ဖြစ်ပါ၏။
28. ဖာရောဘုရင်အား ကျွန်တော်လျှောက်လိုသောအရာဟူမူကား၊ ဘုရားသခင်ပြုလတံ့သောအမှုကို ဖာရောဘုရင်အားပြတော်မူ၏။
29. အဲဂုတ္တုပြည်တရှောက်လုံးတွင် ဝပြောသောနှစ်ခုနစ်နှစ်ရှိလိမ့်မည်။
30. ထိုနောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ပေါ်လာ၍၊ အဲဂုတ္တုပြည်၌အလုံးစုံသောဝပြောခြင်းသည် တိမ်မြုပ်လျက် အစာခေါင်းပါးခြင်းအားဖြင့် တပြည်လုံးပျက်စီးလိမ့်မည်။
31. အစာခေါင်းပါးခြင်းသည် အလွန်အားကြီးသောကြောင့်၊ အရင်ဝပြောခြင်း၏ လက္ခဏာမထင်ရ။