4. အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဘွားသောသားအချို့နှင့်၊ သိုးဆီဥကိုဆောင်ခဲ့၏။ ထာဝရဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကိုပမာဏ ပြုတော်မူ၏။
5. ကာဣနနှင့်သူ၏ ပူဇော်သက္ကာကိုပမာဏပြုတော်မမူ၊ ထိုကြောင့် ကာဣနသည်အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။
6. ထာဝရဘုရားကလည်း သင်သည် အဘယ်ကြောင့်စိတ်ဆိုးသနည်း။ အဘယ်ကြောင့် မျက်နှာပျက်သနည်း။
7. သင်သည်ကောင်းမွန်စွာပြုလျှင် အခွင့်မရလော။ ကောင်းမွန်စွာ မပြုလျှင်၊ အပြစ်ဖြေသောယဇ်ကောင်သည် တံခါးနားမှာဝပ်လျက်ရှိ၏။ သူသည်သင်၏အလိုသို့လိုက်၍၊ သင်သည်သူ့ကိုအုပ်စိုးရ၏ဟု ကာဣနကိုမိန့်တော်မူ၏။
8. ကာဣနကလည်း လယ်သို့သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍၊ လယ်သို့ရောက်သောအခါ၊ ညီအာဗေလကိုရန်ဘက်ပြု၍သတ်လေ၏။
9. ထာဝရဘုရားကလည်း သင့်ညီအာဗေလသည် အဘယ်မှာရှိသနည်းဟု ကာဣနကိုမေးတော်မူလျှင်အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည်ညီကိုစောင့်ရသော သူဖြစ်ပါသလောဟု လျှောက်ဆို၏။
10. ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်း။ သင်ညီအသွေး၏အသံသည် မြေထဲက ငါ့ကိုအော်ဟစ်လျက်ရှိသည်တကား။
11. သို့ဖြစ်၍သင့်ညီ၏ အသွေးကိုခံယူခြင်းငှါ၊ မိမိပစပ်ကိုဖွင့်သော မြေကြီး၏ ကျိန်ခြင်းကို သင်သည်ခံရသောကြောင့်၊
12. ယခုမှစ၍မြေ၌လုပ်သောအခါပကတိအတိုင်း အသီးအနှံကို မရရ။ မြေကြီးပေါ်မှ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
13. ကာဣနကလည်း အကျွန်ုပ်အပြစ်သည် မဖြေနိုင်အောင်ကြီးပါသလော။
14. အကျွန်ုပ်ကို မြေကြီးပြင်မှ ယနေ့နှင်ထုတ်တော်မူပြီ၊ မျက်နှာတော်ကိုလည်း မမြင်ရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူဖြစ်ပါရမည်။ တွေ့သမျှသောသူတို့သည် အကျွန်ုပ်ကိုသတ်ပါလိမ့်မည်ဟု ထာဝရဘုရားကို လျှောက်ဆို၏။
15. ထာဝရဘုရားကလည်း သို့ဖြစ်၍ ကာဣနကို သတ်သောသူမည်သည်ကား၊ ခုနစ်ဆသောအပြစ်ဒဏ်ကို ခံရလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊ ကာဣနကိုတွေ့သောသူ တစုံတယောက်မျှ မသတ်စေခြင်းငှါ၊ ထာဝရဘုရားသည် သူ၌အမှတ်ပေးတော်မူ၏။