အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 35 Judson Bible (BJB)

1. ထိုနောက် ဘုရားသခင်က၊ သင်ထ၍ဗေသလအရပ်သို့သွားနေလော့။ သင်သည် အစ်ကိုဧသောထံမှပြေးသောအခါ၊ သင့်အားထင်ရှားသော ဘုရားသခင်အဘို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်လော့ဟု၊ ယာကုပ်အားမိန့်တော်မူ၏။

2. ထိုအခါယာကုပ်သည်အိမ်သူအိမ်သားများနှင့်၊ မိမိ၌ရှိသောသူအပေါင်းတို့ကို ခေါ်၍၊ သင်တို့တွင်ပါသော၊ တပါးအမျိုးသားတို့၏ဘုရားတို့ကို ပယ်ပစ်ကြလော့။ အဝတ်ကိုလဲ၍ သန့်ရှင်းခြင်းရှိစေကြလော့။

3. ယခုထ၍ ဗေသလအရပ်သို့သွားကြစို့။ ငါသည်ဆင်းရဲခံရသောကာလ ငါ့ကိုထူး၍၊ ငါသွားသောလမ်း၌ကြွတော်မူသောဘုရားသခင်အဘို့ ထိုအရပ်၌ ယဇ်ပလ္လင်ကိုငါတည်မည်ဟု ဆိုလေ၏။

4. သူတို့သည်လည်း၊ မိမိတို့၌ပါသောတပါးအမျိုးသားတို့၏ ဘုရားအပေါင်းတို့နှင့်၊ နား၌ပန်သောနားပန်တန်ဆာရှိသမျှတို့ကို၊ ယာကုပ်အားပေး၍၊ ယာကုပ်လည်း၊ ရှေခင်မြို့နားတွင်ရှိသော သပိတ်ပင်အောက်၌ မြှုပ်ထားလေ၏။

5. သူတို့ပြောင်းသွားကြသောအခါ၊ ပတ်ဝန်းကျင်မြို့သားတို့သည်၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ယာကုပ်သားတို့ကို မလိုက်ဝံ့ဘဲနေကြ၏။

6. ယာကုပ်သည် မိမိ၌ပါသောသူအပေါင်းနှင့်တကွ၊ ခါနာန်ပြည် လုဇမြို့တည်းဟူသော၊ ဗေသလအရပ်သို့ ရောက်ကြသော်၊

7. ယဇ်ပလ္လင်ကိုတည်၍၊ ထိုအရပ်ကို ဗေသလအမည်ဖြင့် တဖန် သမုတ်ပြန်လေ၏။ အကြောင်းမူကား၊ အစ်ကိုထံမှပြေးသောအခါ၊ ထိုအရပ်၌ ဘုရားသခင်ထင်ရှားတော်မူသတည်း။

8. ရေဗက္က၏အထိန်းဒေဗောရသေ၍၊ ဗေသလအရပ်၌ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ ထိုအပင်ကို အာလုမ္ဘာကုတ်ဟူ၍တွင်သတည်း။

9. ယာကုပ်သည် ပါဒနာရံအရပ်မှ ပြန်လာသောနောက်၊ တဖန်ဘုရားသခင်ထင်ရှား၍ ကောင်းကြီးပေးတော်မူပြီးလျှင်၊

10. သင်သည် ယခုယာကုပ်အမည်ရှိ၏။ နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍မခေါ်ရ။ ဣသရေလဟူ၍ခေါ်ရမည်ဟု မိန့်တော်မူလျက် ဣသရေလအမည်ဖြင့် သမုတ်တော်မူ၏။

11. တဖန်ဘုရားသခင်က၊ ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်၏။ တိုးပွါးများပြားလော့။ လူတမျိုးမက၊ အမျိုးမျိုးတို့သည် သင်၌ဖြစ်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည် သင်၏အမျိုးအနွယ်၌ ဖြစ်ကြလိမ့်မည်။

12. အာဗြဟံနှင့် ဣဇာက်အား ငါပေးသောမြေကို သင်နှင့်သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော်မူ၏။

13. ထိုသို့ယာကုပ်နှင့်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာအရပ်မှ၊ ဘုရားသခင် တက်ကြွတော်မူ၏။

14. ဘုရားသခင်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာအရပ်၌၊ ယာကုပ်သည် ကျောက်တိုင်ကိုစိုက်၍၊ ကျောက်ဖျာပေါ်၌သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ဆီကို ၎င်းလောင်းလေ၏။

15. ဗျာဒိတ်တော်ကိုခံရသော ထိုအရပ်ကိုလည်း၊ ဗေသလဟူ၍ တဖန်သမုတ်ပြန်လေ၏။

16. ထိုနောက်တဖန် ဗေသလအရပ်မှ ခရီးသွားပြန်၍၊ ဧဖရတ်မြို့နှင့်နီးသောအခါ၊ ရာခေလသည် သားဘွားအံ့သောအချိန်ရောက်၍၊ ပြင်းစွာသောဝေဒနာကို ခံရ၏။

17. ထိုသို့ပြင်းစွာခံနေရစဉ်တွင်၊ ဝမ်းဆွဲက၊ မစိုးရိမ်နှင့်၊ သားယောက်ျားကို ရပြီဟုဆိုလေ၏။

18. ရာခေလသည်သေအံ့ဆဲဆဲရှိ၍၊ နံဝိညာဉ်ထွက်စဉ်အခါ၊ ထိုသားကို ဗေနောနိအမည်ဖြင့် မှည့်လေ၏။ အဘမူကား ဗင်္ယာမိန်အမည်ဖြင့်မှည့်သတည်း။

19. ရာခေလသေ၍၊ ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့သွားသောလမ်းခရီးတွင်၊ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။

20. ယာကုပ်လည်း သင်္ချၖိုင်းအပေါ်မှာ မှတ်တိုင်ကိုစိုက်လေ၏။ ထိုမှတ်တိုင်ကား၊ ယနေ့တိုင်အောင် ရာခေလ၏သင်္ချၖိုင်းမှတ်တိုင်ဖြစ်သတည်း။

21. ဣသရေလသည်တဖန်ခရီးသွားပြန်၍၊ ဧဒါလင့်စင်ကိုလွန်ပြီးမှ တဲကိုဆောက်လေ၏။

22. ထိုအရပ်၌နေသောအခါ၊ ရုဗင်သည်သွား၍ အဘ၏မယားငယ်၊ ဗိလဟာနှင့် အိပ်လေ၏။ ထိုသတင်းကို ဣသရေလကြား၏။

23. ယာကုပ်သားတကျိပ်နှစ်ပါးရှိ၏။ လေအာတွင်မြင်သောသားကား၊ ယာကုပ်၏သားဦး ရုဗင်၊ အစရှိသောရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်တည်း။

24. ရာခေလသားကား၊ ယောသပ်နှင့် ဗင်္ယာမိန်တည်း။

25. ရာခေလ၏ကျွန်မ ဗိလဟာသားကား၊ ဒန်နှင့် နဿလိတည်း။

26. လေအာ၏ကျွန်မ ဇိလပသားကား၊ ဂဒ်နှင့် အာရှာတည်း။ ဤသူတို့ကား၊ ပါဒနာရံပြည်၌ဘွားမြင်သော ယာကုပ်၏သားများတည်း။

27. ထိုနောက်ယာကုပ်သည် အာဗြဟံနှင့် ဣဇာက်တည်းခိုရာ၊ မံရေအရပ်၊ ဟေဗြုန်မြို့တည်းဟူသောကိရယသာဘမြို့၌နေသော၊ အဘဣဇာက်ထံသို့ ရောက်လေ၏။

28. ဣဇာက်အသက်သည် အနှစ်တရာရှစ်ဆယ်နှင့်ပြည့်စုံသည်ရှိသော်၊

29. အသက်ကြီးရင့်ရာ၊ ကာလပြည့်စုံရာ၌အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။ သားဧသောနှင့် ယာကုပ်တို့သည် သင်္ဂြိုဟ်ကြ၏။