ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 31:26-40 Judson Bible (BJB)

26. လာဗန်ကလည်း၊ သင်သည် အဘယ်သို့ပြုသနည်း။ စစ်တိုက်ရာ၌ ဘမ်းမိသောသူတို့ကို သိမ်းသွားသကဲ့သို့၊ ငါ့ကိုလှည့်စား၍၊ ငါ့သမီးတို့ကို သိမ်းသွား လေပြီတကား။

27. ငါ့ကိုလှည့်စား၍၊ အဘယ်ကြောင့် တိတ်ဆိတ်စွာထွက်ပြေးသနည်း။ ငါသည် ပျော်မွေ့ခြင်းကိုပြု၍သီခြင်းဆိုလျက်၊ ပတ်သာနှင့်စောင်းတီးလျက်၊ သင့်ကို လွှတ်လိုက်စေခြင်းငှါ၊ အဘယ်ကြောင့် ငါ့ကိုမကြားမပြောဘဲနေသနည်း။

28. ငါ့သားသမီးတို့ကိုငါနမ်းစေခြင်းငှါ၊ အဘယ်ကြောင့်အခွင့်မပေးသနည်း။ သင်သည် မိုက်စွာပြုလေပြီတကား။

29. ယခုသင့်ကို ငါညှဉ်းဆဲနိုင်၏။ သို့သော်လည်း၊ မနေ့ညမှာ သင်၏အဘကိုးကွယ်သော ဘုရားသခင်သည်ကြွလာ၍၊ ယာကုပ်အား ကောင်းမကောင်းကိုမပြောနှင့်။ သတိပြုလော့ဟု ငါ့အားမိန့်တော်မူ၏။

30. ယခုမှာ၊ သင်သည် မိဘအိမ်ကို အလွန်အောက်မေ့သောကြောင့်၊ သွားရသည် ဟုတ်စေတော့။ ငါ၏ဘုရားတို့ကို အဘယ်ကြောင့်ခိုးယူခဲ့ရသနည်းဟု ယာကုပ်ကို ဆို၏။

31. ယာကုပ်ကလည်း၊ သင်သည်ကိုယ်သမီးတို့ကို အနိုင်သိမ်းယူကောင်းသိမ်းယူလိမ့်မည်ဟု ကျွန်ုပ်စိုးရိမ်သောကြောင့် ထွက်ပြေးရ၏။

32. သင်၏ဘုရားတို့ကိုမူကား၊ အကြင်သူ၌တွေ့လျှင်၊ ထိုသူကိုသေစေလော့။ ကျွန်ုပ်တို့ ညီအစ်ကိုများရှေ့တွင်၊ သင်၏ဥစ္စာကိုပြညွှန်၍ယူပါလော့ဟု၊ လာဗန်အား ပြန်ပြော၏။ ရာခေလခိုးကြောင်းကိုယာကုပ်မသိ။

33. လာဗန်သည် ယာကုပ်တဲ၊ လေအာတဲ၊ ကျွန်မနှစ်ယောက်တို့၏တဲသို့ဝင်၍ ရှာသော်လည်းမတွေ့လျှင်၊ လေအာတဲထဲမှထွက်၍၊ ရာခေလတဲသို့ဝင်လေ၏။

34. ရာခေလသည်၊ ထိုရုပ်တုတို့ကိုယူ၍ ကုလားအုပ်ကုန်းနှီးတန်ဆာထဲသို့ သွင်းထားပြီးလျှင်၊ ထိုတန်ဆာပေါ်မှာထိုင်လျက်နေ၏။ လာဗန်သည် တတဲလုံးကို ရှာဖွေ၍မတွေ့လျှင်၊

35. ရာခေလက၊ သခင်ရှေ့မှာကျွန်မမထနိုင်သည်ဖြစ်၍၊ စိတ်ရှိတော်မမူပါနှင့်။ မိန်းမတို့၌ဖြစ်မြဲရှိသည်အတိုင်း၊ ကျွန်မ၌ဖြစ်ပါသည်ဟု အဘအားဆိုလေ၏။ ထိုသို့လာဗန်သည်ရှာဖွေ၍ ရုပ်တုတို့ကိုမတွေ့ရ။

36. ထိုအခါ ယာကုပ်သည်စိတ်ဆိုး၍ လာဗန်ကိုဆုံးမသည်ကား၊ ကျွန်ုပ်သည် အဘယ်သို့ပြစ်မှား၍၊ အဘယ်အပြစ်ရှိသောကြောင့်၊ ကျွန်ုပ်ကို ဤမျှလောက် ပြင်းထန်စွာလိုက်ရသနည်း။

37. ကျွန်ုပ်ဥစ္စာရှိသမျှကိုရှာဖွေသည်ဖြစ်၍၊ သင်၏ဥစ္စာပရိကံ တစုံတခုကို တွေ့မိလျှင်၊ သင်၏ညီအစ်ကို၊ ကျွန်ုပ်ညီအစ်ကိုတို့ရှေ့တွင်၊ ဤအရပ်၌ထားပါ။ သူတို့ သည်၊ ငါတို့နှစ်ယောက်စပ်ကြားမှာစီရင်ပါစေ။

38. ကျွန်ုပ်သည် သင့်ထံ၌ အနှစ်နှစ်ဆယ်ပတ်လုံးနေရာတွင်၊ သင်၏သိုးမ၊ ဆိတ်မတို့သည်ဝမ်းပိုးမပျက်။ ဆိတ်ထီး၊ သိုးထီးတို့ကိုကျွန်ုပ်မစား။

39. သားရဲကိုက်သတ်သော အကောင်ကိုသင့်ထံသို့ကျွန်ုပ်မဆောင်ခဲ့၊ ကိုယ်အရှုံးခံရ၏။ နေ့မှာခိုးသည်ဖြစ်စေ၊ ညမှာခိုးသည်ဖြစ်စေ၊ သင်သည် ကျွန်ုပ်တွင် အစားတောင်းလေ့ရှိ၏။

40. နေ့အချိန်၌လည်း နေပူကို၎င်း၊ ညဉ့်အချိန်၌လည်း နှင်းခဲကို၎င်းခံရပြီ။ အအိပ်ပျက်ခြင်းကိုလည်းခံရပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 31