ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 31:1-12 Judson Bible (BJB)

1. ထိုအခါ လာဗန်သားတို့က၊ ငါတို့သခင်၏ဥစ္စာရှိသမျှကို ယာကုပ်သည် ယူသွားလေပြီတကား၊ ငါတို့အဘ၏ဥစ္စာအားဖြင့်၊ သူ၌ဤမည်သော စည်းစိမ်ရှိသမျှသည်ဖြစ်လေပြီဟု၊ ဆိုကြသည်ကိုယာကုပ်ကြား၍၊

2. လာဗန်၏ မျက်နှာကိုကြည့်သောအခါ၊ ရှေ့ကကဲ့သို့မဟုတ်၊ ခြားနားသည်ကို သိမြင်၏။

3. ထာဝရဘုရားကလည်း၊ သင်၏ဘိုးဘနေသောပြည်၊ သင်၏အမျိုးသားချင်းထံသို့ ပြန်သွားလော့။ ငါသည် သင့်ဘက်၌ရှိနေမည်ဟု ယာကုပ်အားမိန့်တော်မူ၏။

4. ယာကုပ်သည် လူကိုစေလွှတ်၍၊ ရာခေလနှင့်လေအာကို၊ သိုးစုရှိရာတောသို့ ခေါ်ပြီးလျှင်၊

5. သင်တို့အဘ၏မျက်နှာသည် ငါ၌ရှေ့ကကဲ့သို့မဟုတ်၊ ခြားနားသည်ကို ငါသိမြင်၏။ သို့သော်လည်း၊ ငါ့အဘ၏ဘုရားသခင်သည်၊ ငါ့ဘက်၌ရှိတော်မူ၏။

6. သင်တို့အဘ၏အမှုကို၊ ငါတတ်နိုင်သမျှအတိုင်း၊ ငါစောင့်သည်ကို သင်တို့သိကြ၏။

7. သင်တို့အဘသည်လည်း ငါ့ကိုလှည့်စား၍၊ ငါရထိုက်သောအခကို ဆယ်ကြိမ်လဲခဲ့ပြီ။ သို့သော်လည်း၊ ငါ့ကိုညှဉ်းဆဲစေခြင်းငှါ၊ ဘုရားသခင်အခွင့်ပေးတော်မမူ။

8. သူက၊ ပြောက်သောအကောင်တို့သည်၊ သင်၏အခဖြစ်စေဟုဆိုလျှင်၊ သိုး၊ ဆိတ်ရှိသမျှတို့သည် ပြောက်သောအကောင်တို့ကိုမွေးကြ၏။ ကျားသောအကောင်တို့ သည်၊ သင်၏အခဖြစ်စေဟုဆိုလျှင်၊ သိုး၊ ဆိတ် ရှိသမျှတို့သည် ကျားသောအကောင်တို့ကို မွေးကြ၏။

9. ထိုသို့ဘုရားသခင်သည်၊ သင်တို့အဘ၏ တိရစ္ဆာန်တို့ကိုနှုတ်၍ ငါ့အားပေးတော်မူပြီ။

10. ထိုတိရစ္ဆာန်များတို့သည်၊ ရှက်တင်ကြသောအခါ၊ ငါမြော်ကြည့်၍၊ တိရစ္ဆာန်မတို့နှင့်ပေါင်းဘော်သော တိရစ္ဆာန်အထီးရှိသမျှတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသောအဆင်းရှိကြောင်းကို အိပ်မက်၌ငါမြင်ရ၏။

11. ဘုရားသခင်၏ကောင်းကင်တမန်ကလည်း၊ ယာကုပ်ဟု အိပ်မက်၌ ငါ့ကိုခေါ်လျှင်၊ ကျွန်ုပ်ရှိပါ၏ဟုငါထူး၏။

12. သူကလည်း မြော်၍ကြည့်လော့။ တိရစ္ဆာန်မနှင့် ပေါင်းဘော်သော တိရစ္ဆာန်အထီးရှိသမျှတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသော အဆင်းရှိကြ ၏။ အကြောင်းမူကား၊ သင်၌လာဗန်ပြုသမျှတို့ကိုငါမြင်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 31