ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 30:1-16 Judson Bible (BJB)

1. ရာခေလသည် ယာကုပ်အား သားမဘွားကြောင်းကို မိမိသိမြင်သောအခါ၊ အစ်မကို ငြူစူသောစိတ်ရှိ၍၊ ငါ့အား သားကိုပေးပါ။ သို့မဟုတ် ငါသေတော့အံ့ဟု ယာကုပ်ကို ဆိုလေ၏။

2. ယာကုပ်ကလည်း၊ ငါသည် သင့်အား သားဘွားသောအခွင့်ကို ပေးတော်မမူသော ဘုရားသခင် ကိုယ်စားတော်ဖြစ်သလောဟု၊ ရာခေလကို အမျက်ထွက်၍ပြန်ဆို၏။

3. ရာခေလကလည်း၊ အကျွန်ုပ်၌ ကျွန်မဗိလဟာရှိပါ၏။ သူ့ထံသို့ဝင်ပါ။ သူသည် အကျွန်ုပ်ဒူးပေါ်မှာ သားဘွား၍၊ သူ့အားဖြင့်အကျွန်ုပ်သည် တည်ဆောက် ခြင်းရှိပါလိမ့်မည်ဟုဆိုလျက်၊

4. ကျွန်မဗိလဟာကို ယာကုပ်၏မယားဖြစ်စေခြင်းငှါအပ်၍၊ သူ့ထံသို့ ယာကုပ်ဝင်လေ၏။

5. ဗိလဟာသည် ပဋိသန္ဓေယူ၍၊ ယာကုပ်အား သားကိုဘွားမြင်သည်ရှိသော်၊

6. ရာခေလက၊ ဘုရားသခင်သည် ငါ့ဘက်၌တရားစီရင်တော်မူပြီ။ ငါ့စကားကိုကြား၍ သားကိုပေးသနားတော်မူပြီဟု ဆိုသည်နှင့်အညီ၊ ထိုသားကို ဒန် အမည်ဖြင့်မှည့်လေ၏။

7. တဖန် ရာခေလ၏ကျွန်မဗိလဟာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား နှစ်ကြိမ်မြောက်သောသားကိုဘွားမြင်သည်ရှိသော်၊

8. ရာခေလက၊ ငါသည် ငါ့အစ်မနှင့်ကျပ်ကျပ်လုံးထွေး၍ နိုင်ခဲ့ပြီဟုဆို၍၊ ထိုသားကို နဿလိအမည်ဖြင့်မှည့်လေ၏။

9. လေအာသည်သားပြတ်၍ မဘွားဘဲနေကြောင်းကို မိမိသိမြင်သောအခါ၊ မိမိကျွန်မဇိလပကိုယူ၍၊ ယာကုပ်၏မယားဖြစ်စေခြင်းငှါ အပ်လေ၏။

10. လေအာ၏ကျွန်မဇိလပသည်လည်း ယာကုပ်အား သားကိုဘွားမြင်သည်ရှိသော်၊

11. လေအာက၊ ကောင်းကျိုးလာသည်ဟုဆို၍၊ ထိုသားကို ဂဒ်အမည်ဖြင့် မှည့်လေ၏။

12. တဖန်လေအာ၏ ကျွန်မဇိလပသည် ယာကုပ်အား နှစ်ကြိမ်မြောက်သောသားကို ဘွားမြင်သည်ရှိသော်၊

13. လေအာက၊ ငါ၌မင်္ဂလာရှိ၏။ လူသမီးတို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်ဟု ဆိုသဖြင့်၊ ထိုသားကို အာရှာအမည်ဖြင့်မှည့်လေ၏။

14. ထိုနောက်၊ ဂျုံစပါးကို စုသိမ်းသောအချိန်ကာလ၌၊ ရုဗင်သည် လယ်ပြင်သို့ထွက်သွားပြီးလျှင်၊ အနုဆေးသီးကိုတွေ့၍၊ မိမိအမိလေအာထံသို့ ဆောင်ခဲ့လေ၏။ ရာခေလကလည်း၊ သင်၏သားရခဲ့သော အနုဆေးသီးအချို့ကို ပေးပါလော့ဟု၊ လေအာကိုတောင်းလျှင်၊

15. လေအာက၊ သင်သည် ငါ့လင်ကိုယူ၍ အတွက်မရှိထင်သလော။ ငါ့သား၏ အနုဆေးသီးကိုလည်း ယူချင်သေးသည်တကားဟု ဆိုလေသော်၊ ရာခေလက၊ သို့ဖြစ် လျှင်၊ သင့်သား၏အနုဆေးသီးအတွက်၊ လင်သည် ယနေ့ ညဉ့်တွင် သင်နှင့်အိပ်ရမည်ဟုဆို၏။

16. ညဦးအချိန်၌၊ လယ်ပြင်မှယာကုပ်လာသောအခါ၊ လေအာသည် ခရီးဦးကြိုပြုခြင်းငှါသွား၍၊ သင်သည် အကျွန်ုပ်ထံသို့ဝင်ရမည်။ အကျွန်ုပ်၏သားရခဲ့ သောအနုဆေးသီးနှင့် သင့်ကိုအကျွန်ုပ်ငှါးသည်မှန်ပါ၏ဟု ဆိုသဖြင့်၊ ထိုနေ့ညဉ့်တွင် သူနှင့်အိပ်ရလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 30