3. သိုးထိန်းအပေါင်းတို့သည် ထိုအရပ်၌စုဝေးသောအခါ၊ ရေတွင်းဝ၌ ဖုံးအုပ်သော ကျောက်ကိုလှိမ့်လှန်၍၊ သိုးများကိုရေတိုက်ပြီးလျှင်၊ ထိုကျောက်ကို မိမိနေရာရေတွင်းဝပေါ်မှာ တဖန်တင်ထားလေ့ရှိ၏။
4. ယာကုပ်ကလည်း၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်အရပ်က လာကြသနည်းဟုမေးလျှင်၊ငါတို့သည် ခါရန်မြို့ကလာကြသည်ဟု ပြောဆိုလေ၏။
5. တဖန်ယာကုပ်က၊ နာခေါ်သားလာဗန်ကို သိသလောဟုမေးလျှင်၊ သိ၏ဟု ပြန်ဆိုသော်၊
6. သူသည်မာပါ၏လောဟု တဖန်မေးပြန်လျှင်၊ မာပါ၏။ သူ၏သမီးရာခေလသည် သိုးများနှင့်တကွလာလိမ့်မည်ဟု ဆိုကြလေ၏။
7. ယာကုပ်ကလည်း၊ နေ့အချိန် အလွန်များစွာရှိသေး၏။ သိုးတို့ကို စုဝေးရာအချိန်မဟုတ်သေး။ ရေတိုက်ပြီးလျှင်၊ သွား၍ထိန်းကြဦးလော့ဟု ဆိုလေ၏။
8. သူတို့ကလည်း၊ သိုးထိန်းအပေါင်းစုဝေး၍၊ ရေတွင်းဝ၌ ဖုံးအုပ်သော ကျောက်ကို လှိမ့်လှန်ပြီးမှသာ၊ သိုးတို့ကိုရေတိုက်ရ၏။ သို့မဟုတ်၊ မတိုက်ရဟုပြန်ဆိုကြ၏။
9. ထိုသို့တဦးနှင့်တဦး နှုတ်ဆက်ကြစဉ်တွင်၊ ရာခေလသည်၊ မိမိအဘ၏သိုးတို့ကို ထိန်းရသည်ဖြစ်၍၊ သိုးတို့ကိုဆောင်လျက်လာ၏။
10. ယာကုပ်သည်၊ မိမိဦးရီးလာဗန်၏သမီးရာခေလနှင့် ဦးရီးလာဗန်၏သိုးတို့ကို မြင်သောအခါ၊ အနီးသို့ချဉ်း၍၊ ရေတွင်း၌ဖုံးအုပ်သော ကျောက်ကိုလှိမ့်လှန်ပြီးလျှင်၊ ဦးရီးလာဗန်၏သိုးတို့ကို ရေတိုက်လေ၏။
11. ထိုနောက်၊ ယာကုပ်သည် ရာခေလကိုနမ်း၍၊ ကျယ်သောအသံနှင့်ငိုလေ၏။
12. မိမိသည် ရာခေလအဘ၏တူ၊ ရေဗက္က၏သားဖြစ်ကြောင်းကို ကြားပြောလျှင်၊ ရာခေလသည်ပြေး၍ မိမိအဘအားပြန်ကြားလေ၏။