ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 29:1-16 Judson Bible (BJB)

1. တဖန်ယာကုပ်သည် ခရီးသွား၍၊ အရှေ့ပြည်သားတို့နေရာအရပ်သို့ ရောက်ပြီးလျှင်၊

2. မြော်ကြည့်၍ တောစ၌ ရေတွင်းတခုကိုမြင်၏။ ထိုတွင်းရေဖြင့် သိုးစုများကို တိုက်တတ်သည်ဖြစ်၍၊ တွင်းနားမှာ သိုးစုသုံးစုအိပ်လျက်ရှိ၏။ ရေတွင်းဝပေါ်မှာ ကြီးစွာသောကျောက်ရှိ၏။

3. သိုးထိန်းအပေါင်းတို့သည် ထိုအရပ်၌စုဝေးသောအခါ၊ ရေတွင်းဝ၌ ဖုံးအုပ်သော ကျောက်ကိုလှိမ့်လှန်၍၊ သိုးများကိုရေတိုက်ပြီးလျှင်၊ ထိုကျောက်ကို မိမိနေရာရေတွင်းဝပေါ်မှာ တဖန်တင်ထားလေ့ရှိ၏။

4. ယာကုပ်ကလည်း၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်အရပ်က လာကြသနည်းဟုမေးလျှင်၊ငါတို့သည် ခါရန်မြို့ကလာကြသည်ဟု ပြောဆိုလေ၏။

5. တဖန်ယာကုပ်က၊ နာခေါ်သားလာဗန်ကို သိသလောဟုမေးလျှင်၊ သိ၏ဟု ပြန်ဆိုသော်၊

6. သူသည်မာပါ၏လောဟု တဖန်မေးပြန်လျှင်၊ မာပါ၏။ သူ၏သမီးရာခေလသည် သိုးများနှင့်တကွလာလိမ့်မည်ဟု ဆိုကြလေ၏။

7. ယာကုပ်ကလည်း၊ နေ့အချိန် အလွန်များစွာရှိသေး၏။ သိုးတို့ကို စုဝေးရာအချိန်မဟုတ်သေး။ ရေတိုက်ပြီးလျှင်၊ သွား၍ထိန်းကြဦးလော့ဟု ဆိုလေ၏။

8. သူတို့ကလည်း၊ သိုးထိန်းအပေါင်းစုဝေး၍၊ ရေတွင်းဝ၌ ဖုံးအုပ်သော ကျောက်ကို လှိမ့်လှန်ပြီးမှသာ၊ သိုးတို့ကိုရေတိုက်ရ၏။ သို့မဟုတ်၊ မတိုက်ရဟုပြန်ဆိုကြ၏။

9. ထိုသို့တဦးနှင့်တဦး နှုတ်ဆက်ကြစဉ်တွင်၊ ရာခေလသည်၊ မိမိအဘ၏သိုးတို့ကို ထိန်းရသည်ဖြစ်၍၊ သိုးတို့ကိုဆောင်လျက်လာ၏။

10. ယာကုပ်သည်၊ မိမိဦးရီးလာဗန်၏သမီးရာခေလနှင့် ဦးရီးလာဗန်၏သိုးတို့ကို မြင်သောအခါ၊ အနီးသို့ချဉ်း၍၊ ရေတွင်း၌ဖုံးအုပ်သော ကျောက်ကိုလှိမ့်လှန်ပြီးလျှင်၊ ဦးရီးလာဗန်၏သိုးတို့ကို ရေတိုက်လေ၏။

11. ထိုနောက်၊ ယာကုပ်သည် ရာခေလကိုနမ်း၍၊ ကျယ်သောအသံနှင့်ငိုလေ၏။

12. မိမိသည် ရာခေလအဘ၏တူ၊ ရေဗက္က၏သားဖြစ်ကြောင်းကို ကြားပြောလျှင်၊ ရာခေလသည်ပြေး၍ မိမိအဘအားပြန်ကြားလေ၏။

13. လာဗန်သည် မိမိတူယာကုပ်၏ သိတင်းစကားကိုကြားသောအခါ၊ ကြိုဆိုခြင်းငှါ အလျင်အမြန်သွား၍၊ ပိုက်ဘက်နမ်းရှုတ်လျက်၊ မိမိအိမ်သို့ဆောင်သွားလေ၏။ ယာကုပ်သည်လည်း မိမိအမှုအရာရှိသမျှကိုကြားပြောလျှင်၊

14. လာဗန်က၊ အကယ်စင်စစ် သင်သည်ငါ့အရိုးအသားပင်ဖြစ်၏ဟု ဆိုလေ၏။

15. ယာကုပ်သည် တလခန့်မျှနေပြီးမှ၊ လာဗန်က၊ သင်သည် ငါ့တူဖြစ်သောကြောင့်၊ အကျိုးမဲ့ ကျွန်ခံရပါမည်လော။ ခံလိုသောအခကို ငါ့အား ပြောလော့ဟု ဆိုလေ၏။

16. ထိုအခါ လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီးကား၊ လေအာအမည်ရှိ၏။ အငယ်ကား၊ ရာခေလအမည်ရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 29