ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 24:23-42 Judson Bible (BJB)

23. သင်သည် အဘယ်သူ၏သမီးဖြစ်သနည်း။ ကျွန်ုပ်ကိုပြောပါ။ သင်၏အဘအိမ်၌ ကျွန်ုပ်တို့တည်းခိုစရာအရပ်ရှိသလောဟု မေးလေသော်၊

24. မိန်းမက၊ ကျွန်ုပ်သည် နာခေါ်၏မယားမိလခါဘွားမြင်သော၊ ဗေသွေလ၏သမီးဖြစ်သည်ဟူ၍၎င်း၊

25. ကျွန်ုပ်တို့၌ မြက်ခြောက်များ၊ စားဘွယ်သောက်ဘွယ်များနှင့် တည်းခိုစရာအရပ်လည်းရှိသည်ဟူ၍၎င်း ဆိုလေ၏။

26. ထိုအခါယောက်ျားသည် ဦးညွှတ်ချ၍ ထာဝရဘုရားကိုကိုးကွယ်လျက်၊

27. ကရုဏာ၊ သစ္စာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော၊ အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။ လမ်းမှာသွားလျက်ရှိသော အကျွန်ုပ်ကို ထာဝရဘုရားသည် အကျွန်ုပ်သခင်၏ညီအစ်ကိုတို့အိမ်သို့ ပို့ဆောင်တော်မူပါသည်တကားဟု မြွက်ဆို၏။

28. သတို့သမီးသည်လည်းပြေး၍ အမိ၏အိမ်၌ ဤအရာများကို ကြားပြောလေ၏။

29. ရေဗက္က၌ လာဗန်အမည်ရှိသော မောင်တယောက်ရှိ၏။ လာဗန်သည် ယောက်ျားရှိရာ ရေတွင်းသို့ပြေး၏။

30. သူသည်နှာဆွဲကို၎င်း၊ နှမလက်၌ လက်ကောက်ကို၎င်းမြင်၍၊ ထိုယောက်ျားသည်ကျွန်ုပ်ကို ဤသို့ပြောသည်ဟု၊ နှမရေဗက္ကဆိုသောစကားကို ကြားသောအခါ၊ ရေတွင်း၌ ကုလားအုပ်အနားမှာရပ်နေသောယောက်ျားထံသို့ ရောက်သောအခါ၊

31. ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူ၊ ကျွန်ုပ်အိမ်သို့ဝင်ပါလော့။ ပြင်၌အဘယ်ကြောင့် ရပ်နေသနည်း။ အိမ်ကို၎င်း၊ ကုလားအုပ်များနေရာအရပ်ကို ၎င်း၊ ကျွန်ုပ်ပြင်ပါပြီဟုဆိုသဖြင့်၊

32. ယောက်ျားကိုအိမ်သို့သွင်း၍ ကုလားအုပ်တို့ တန်ဆာကိုချွတ်ပြီးမှ၊ သူတို့အားမြက်ခြောက်နှင့် စားစရာကိုပေး၏။ ယောက်ျားခြေ၊ လိုက်သော သူတို့ခြေဆေးဘို့ရေကိုလည်းပေးလေ၏။

33. သူ့ရှေ့မှာစားစရာကိုထည့်သောအခါ၊ သူက၊ ကျွန်ုပ်သည် ကိုယ်အမှုကိုမပြောမှီမစားလိုပါဟုဆိုလျှင်၊ ပြောပါဟုဆို၏။

34. ယောက်ျားကလည်း၊ ကျွန်ုပ်ကားအာဗြဟံ၏ကျွန်ဖြစ်ပါ၏။

35. ထာဝရဘုရားသည် ကျွန်ုပ်၏သခင်ကို အလွန်ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည်ကြီးမြတ်ခြင်းသို့ ရောက်လေပြီ။ သိုးစု၊ နွားစု၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်နှင့်မြည်းများတို့ကို ပေးတော်မူပြီ။

36. ကျွန်ုပ်သခင်၏မယားစာရာသည်၊ သခင်အသက်အိုသောအခါ၊ သူ့အားသားကိုဘွားမြင်သဖြင့်၊ ထိုသားအားဥစ္စာရှိသမျှကို သခင်သည်အပ်ပေးပြီ။

37. ကျွန်ုပ်၏သခင်ကလည်း၊ သင်သည်ငါနေသောခါနာန်အမျိုးသမီးတို့တွင်၊ ငါ့သားဘို့ မယားကိုမရွေးဘဲ၊

38. ငါ့အဘ၏အိမ်၊ ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊ ငါ့သားဘို့ မယားကို ယူရမည်ဟု အကျွန်ုပ်ကိုကျိန်ဆိုစေ၏။

39. အကျွန်ုပ်ကလည်း၊ မိန်းမသည်မလိုက်လိုလျှင် အဘယ်သို့နည်းဟု သခင်ကိုမေးလေသော်၊

40. သခင်က၊ အကြင်ထာဝရဘုရားသခင်ရှေ့တော်၌ ငါသွားလာ၏၊ ထိုဘုရားသည် မိမိကောင်းကင်တမန်ကို သင်နှင့်အတူစေလွှတ်၍၊ သင်သွားသောအမှုကို ပြုစုတော်မူသဖြင့်၊ ငါ့အမျိုးသားချင်း၊ ငါ့အဘ၏အိမ်ထဲက ငါ့သားဘို့မယားကိုယူရမည်။

41. ငါ့အမျိုးသားချင်းတို့ထံသို့ရောက်သောအခါ၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ။ ထိုသူတို့သည်မိန်းမကိုမပေးသော်လည်း၊ သင်သည် ငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေမည်ဟုပြော၏။

42. ကျွန်ုပ်သည်ယနေ့ရေတွင်းသို့ ရောက်ပြီးလျှင်၊ ကျွန်ုပ်သခင် အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ရောက်လာသောအမှုကို ယခုပြုစုတော်မူလျှင်၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 24