ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ကမ္ဘာ​ဦး 19:8-23 Judson Bible (BJB)

8. အကျွန်ုပ်၌ ယောက်ျားနှင့်မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသောအခွင့်ကို ပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကိုခိုနေပါ၏ဟု တောင်းပန်သော်လည်း၊

9. သူတို့ကဆုတ်လော့ဟုဆိုကြ၏။ တဖန်ကား၊ သင်သည်တည်းခိုးခြင်းငှာ သာရောက်လာသည်နှင့် တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှါ ချဉ်းလာကြ၏။

10. ထိုအခါကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်းပြီးလျှင် တံခါးကိုပိတ်ကြ၏။

11. အိမ်တံခါးနားမှာရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည်တံခါးကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။

12. ကောင်းကင်တမန်တို့ကလည်း၊ ဤအရပ်၌ သင်နှင့်ဆိုင်သောသူ ရှိသေးသလော။ သားသမီး၊ သမက်၊ မြို့ထဲမှာသင်၌ရှိသမျှကို ဤအရပ်က ထုတ်ဆောင်လော့။

13. ဤအရပ်ကို ငါတို့သည်ဖျက်ဆီးရမည်။ အကြောင်းမူကား၊ အရပ်သားတို့သည် ထာဝရဘုရားရှေ့တော်မှာ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍၊ ဖျက်ဆီးစေခြင်းငှါ ထာဝရဘုရားသည် ငါတို့ကိုစေလွှတ်တော်မူပြီဟု လောတအားပြောဆိုကြ၏။

14. လောတထွက်၍ သမီးနှင့်စုံဘက်သောသူ၊ မိမိသမက်တို့အား ထကြ၊ ဤအရပ်မှထွက်သွားကြ၊ ဤမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူမည်ဟုဆိုသော်လည်း၊ ကျီးစားဟန်ရှိသည်ဟု သမက်တို့ ထင်ကြ၏။

15. မိုဃ်းသောက်သောအခါ၊ ကောင်းကင်တမန်တို့သည် လောတကိုဆော်လျက်၊ သင်သည်ထ၍ ဤအရပ်၌ရှိသော မယားနှင့် သမီးနှစ်ယောက်တို့ကို ယူသွားလော့။ သို့မဟုတ်၊ မြို့၏အပြစ်၌ ဆုံးခြင်းသို့ရောက်လိမ့်မည်ဟု ဆိုသော်လည်း၊

16. သူသည်ဖင့်နွှဲသောခါ ထာဝရဘုရားသနားတော်မူသောကြောင့် ကောင်းတမန်တို့သည် သူနှင့် သူ၏ မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍ မြို့ပြင်သို့ ထုတ်ဆောင်ကြ၏။

17. ပြင်သို့ရောက်သောအခါ၊ သင်သည်အသက်ချမ်းသာရခြင်းငှါ ပြေးလော့။ နောက်သို့လှည့်၍ မကြည့်နှင့်။ မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင်ပေါ်သို့ ပြေးလော့။ သို့မဟုတ် ဆုံးလိမ့်မည်ဟု ဆိုလေ၏။

18. လောတ ကလည်း၊ အကျွန်ုပ်သခင် ထိုသို့မဆိုပါနှင့်။

19. ယခုမှာ ကိုယ်တော်ကျွန်သည် ရှေ့တော်၌မျက်နှာရပါပြီ။ အကျွန်ုပ်အသက်ချမ်းသာစေသဖြင့်၊ အကျွန်ုပ်၌ပြုတော်မူသောကရုဏာ ကျေးဇူးများပြားလှပါ၏။ ဘေးလွတ်၍တောင်ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစုံ တခုတွေ့၍သေမည်ကို စိုးရိမ်ပါ၏။

20. ကြည့်ပါ။ ထိုမြို့နီးပါ၏။ ပြေးသာပါ၏။ ငယ်သောမြို့လည်း ဖြစ်ပါ၏။ ဘေးလွတ်၍ ထိုအရပ်သို့ ပြေးပါရစေ။ ထိုမြို့သည် ငယ်သောမြို့ မဟုတ်လော။ သို့ပြေးလျှင် အသက်ချမ်းသာရပါမည်ဟု လျှောက်ဆို၏။

21. ထိုသူကလည်း၊ ကြည့်ပါ။ ဤအမူအရာ၌လည်း သင်၏စကားကို ငါနားထောင်စေခြင်းငှါ ထိုမြို့အတွက်တောင်းပန်သောကြောင့် ငါမဖျက်ဆီး။

22. ဘေးလွတ်ခြင်းငှါ ထိုမြို့သို့ အလျင်အမြန်ပြေးလော့။ ထိုမြို့သို့ မရောက်မှီ ငါသည်အဘယ်အမှုကိုမျှ မပြုနိုင်ဟုဆိုလေ၏။ ထိုကြောင့် ထိုမြို့ကို ဇောရမြို့ဟု သမုတ်ကြ၏။

23. လောတသည် ဇောရမြို့သို့ဝင်သောအခါ၊ မြေကြီးပေါ်မှာ နေထွက်ချိန်ဖြစ်သတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ကမ္ဘာ​ဦး 19