ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ပေ 2:13-22 Judson Bible (BJB)

13. နေ့အချိန်၌ပင် လွန်ကျူးစွာ ကာမဂုဏ် ခံစားခြင်းအမှုသည် ပျော်မွေ့ရာဖြစ်သည်ဟု သူတို့သဘောရှိ၏။ သင်တို့နှင့်အတူစားသောက် ပွဲလုပ်သောအခါ မိမိတို့မှားယွင်းသောသဘောနှင့် လွန်ကျူးစွာ ကာမဂုဏ် ခံစား၍၊ သင်တို့၌ အညစ်အကြေး အစွန်းအကွက် ဖြစ်ကြ၏။

14. သူတို့သည်သူ့မယားကိုပြစ်မှားသော ကိလေသာနှင့် ပြည့်စုံသော မျက်စိရှိ၍၊ ဒုစရိုက်ကို မပြုဘဲ မနေနိုင်ကြ။ စိတ်နှလုံးမတည်ကြည်သော သူတို့ကို အပြစ်သို့ သွေးဆောင်တတ်ကြ၏။ လောဘလွန်ကျူးခြင်း၌ ကျင်လည်၍၊ ကျိန်တော်မူခြင်း၏ သားဖြစ်ကြ၏။

15. ဖြောင့်မတ်သောလမ်းထဲကထွက်၍ လွှဲသွားသဖြင့်၊ ဗောသော်၏ သားဗာလမ်၏လမ်းကိုလိုက်ကြ၏။

16. ထိုဗာလမ်သည် မတရားသော အမှု၏အခကို တပ်မက်၍၊ မိမိဒုစရိုက်အတွက်ကြောင့် ဆုံးမခြင်းကိုခံရ၏။ အဘယ်သို့နည်းဟူမူကား၊ စကားမပြောနိုင်သော မြည်းသည်လူဘာသာအားဖြင့်မြွက်၍၊ ထို ပရောဖက်၏ မိုက်မဲခြင်းကိုမြစ်တားလေ၏။

17. ထိုသူတို့သည် ရေမရှိသော ရေတွင်းကဲ့သို့၎င်း၊ လေတိုက်၍ လွင့်သောမိုဃ်းတိမ်ကဲ့သို့၎င်း ဖြစ်ကြ၏။ သူတို့အဘို့ တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားချက်ရှိ၏။

18. အကြောင်းမူကား၊ မှားယွင်းခြင်း၌ ကျင်လည်သော သူတို့အထဲက ပြေးထွက်လုသောသူတို့ကို၊ ထောင်လွှားသော အချည်းနှီးကား ပြောသည်နှင့်၊ ဇာတိပကတိ တပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင်တတ်ကြ၏။

19. လွှတ်ခြင်းအခွင့်ရှိသည်ဟု ဝန်ခံလျက်ပင်၊ ကိုယ်တိုင်ပုပ်ပျက် ခြင်း၏ကျွန်ဖြစ်ကြ၏။ အဘယ်သို့ နည်းဟူမူကား၊ လူကို နိုင်သောအရာသည် လူ၏ သခင် ဖြစ်၏။

20. ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်ကိုသိကျွမ်းခြင်းအားဖြင့်၊ လောကီညစ်ညူးခြင်းနှင့် ကင်းလွတ်ပြီးမှ၊ တဖန်ကျော့မိ၍ ရှုံးလျှင်၊ နောက်ဖြစ်ဟန်သည် ရှေးဖြစ်ဟန်ထက်သာ၍ဆိုး၏။

21. ဖြောင့်မတ်ခြင်းတရားလမ်းကိုသိ၍၊ မိမိခံခဲ့ပြီးသော သန့်ရှင်းသော ပညတ်ကိုတဖန်စွန့်ပစ်သည်ထက်၊ ထိုလမ်းကိုမသိဘဲနေသော် သာ၍ကောင်း၏။

22. ခွေးသည် မိမိဘန်ဖတ်ကိုပြန်၍စား၏။ ဝက် သည်လည်းဆေးပြီးမှ ရွံ့တွင်းလူးပြန်၏ဟု မှန်သော စကားပုံသည် ထိုသူတို့၌ပြည့်စုံသတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ပေ 2