ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ကော 7:5-12 Judson Bible (BJB)

5. ငါတို့သည် မာကေဒေါနိပြည်သို့ ရောက်သောအခါ၊ ကိုယ်ကာယငြိမ်ဝပ်ခြင်း အလျှင်းမရှိ၊ အရာရာ၌ ညှဉ်းဆဲခြင်းကို ခံကြရ၏။ ပြင်၌ကား တိုက်လှန်ခြင်းရှိ၏။ အတွင်း၌ကားစိုးရိမ်ခြင်းရှိ၏။

6. သို့သော်လည်း နှိမ့်ကျလျက်ရှိသော သူတို့ကို သက်သာစေတော်မူတတ်သော ဘုရားသခင်သည်၊ တိတု ရောက်လာသောအားဖြင့် ငါတို့ကို သက်သာစေတော်မူ၏။

7. တိတုရောက်လာခြင်းအားဖြင့်သာ သက်သာစေတော်မူသည်မဟုတ်။ တိတုသည် သင်တို့ဆီမှရသော သက်သာခြင်းအားဖြင့်လည်း သက်သာစေတော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ သင်တို့၏တောင့်တခြင်း၊ ညည်းတွားခြင်း၊ ငါ၏အကျိုးအလို့ငှါ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာများကို သူသည်ငါတို့အား ကြားပြော၏။ ထိုကြောင့် ငါသည်သာ၍ ဝမ်းမြောက်ခြင်းရှိ၏။

8. အထက်ကပေးလိုက်သော စာအားဖြင့် သင်တို့ကို ဝမ်းနည်းစေသောကြောင့်၊ ငါသည်ယခင်အခါ၌ နောင်တရှိသော်လည်း ယခုအခါ၌ မရှိ။ အကြောင်းမူကား၊ ထိုစာသည်သင်တို့ကို ခဏသာဝမ်းနည်းစေသည်ကို ငါမြင်၏။

9. သင်တို့ဝမ်းနည်းစေသောကြောင့် ငါဝမ်းမြောက်သည်မဟုတ်။ ဝမ်နည်းစေ၍ နောင်တရသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။ ငါတို့အားဖြင့် သင်တို့၏ အကျိုးအလျှင်းမပျက်ရမည်အကြောင်း၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ဝမ်းနည်းစေကြ၏။

10. အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင် ခြင်းနှင့်ယှဉ်သောနောင်တစိတ် တည်းဟူသော၊ မပြောင်းလဲနိုင်သောနောင်တစိတ်ကို ပြုပြင်တတ်၏။ လောကီ ဝမ်းနည်းခြင်းမူကား၊ သေခြင်းကိုပြုပြင်တတ်၏။

11. ဘုရားသခင်၏အလိုတော်နှင့်ညီသော သင်တို့၏ ဝမ်းနည်းခြင်းသည် သင်တို့၌ အဘယ်သို့သော သတိပြုခြင်း၊ ကိုယ်အပြစ်ကိုဖြေခြင်း၊ အမျက်ထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ ငါ၏အကျိုး အလို့ငှါ စိတ်အားကြီးခြင်း၊ တရားသဖြင့် ဒဏ်စီရင်ခြင်းတို့ကို ပြုပြင်သည်ကို ကြည့်ရှုကြလော။ သင်တို့သည် ဤအမှု၌ အပြစ်ကင်းသည်ကို အရာရာအားဖြင့် ထင်ရှားပြကြပြီ။

12. ထိုသို့နှင့်အညီ၊ ငါသည်သင်တို့အား ရေး၍ပေးလိုက်သောအခါ၊ ပြစ်မှားသောသူနှင့် ပြစ်မှားခြင်း ခံရသောသူကိုသာ ထောက်၍ ရေးသည်မဟုတ်။ သင်တို့အကျိုးကိုငါတို့သည် ဘုရားသခင်ရှေ့တော်၌ ပြုစု ချင်သောစေတနာစိတ်ရှိကြောင်းကို သင်တို့အား ထင်ရှားစေခြင်းငှါ ရေးသတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ကော 7