ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ သက် 5:5-15 Judson Bible (BJB)

5. သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။ ညဉ့်၏သား ၊ မှောင်မိုက်၏သားမဟုတ်။

6. သို့ဖြစ်၍ ၊ အခြားသော သူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။

7. အကြောင်းမူကား၊ အိပ်ပျော်သော သူတို့သည် ညဉ့်အခါ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသော သူတို့သည်လည်း ညဉ့်အခါ ယစ်မူးတတ်ကြ၏။

8. နေ့၏သားဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။

9. အမျက်တော်ကိုခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှါ ခန့်ထားတော်မူ၏။

10. ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ၊ အိပ်ပျော်သည်ဖြစ်စေ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည် အကြောင်း၊ ငါတို့အဘို့ အသေခံတော်မူပြီ။

11. ထိုကြောင့်၊ သင်တို့သည်ယခုပင်ပြုသည်နည်းတူ၊ အချင်းချင်း တိုက်တွန်း၍ တယောက်ကိုတယောက် တည်ဆောက်ကြလော့။

12. ထိုမှတပါး၊ ညီအစ်ကိုတို့၊ သင်တို့တွင် အမှုတော်ကိုဆောင်ရွက်ခြင်း၊ သခင်ဘုရား၊ အခွင့်နှင့် အုပ်စိုးခြင်း၊ သတိပေးခြင်း အမှုကိုပြုသောသူတို့ကို သိမှတ်၍၊

13. သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့် အလွန်ချစ်ခင်လေးမြတ်မည်အကြောင်း၊ ငါတို့သည် တောင်းပန်ကြ၏။ အချင်းချင်းအသင့်အတင့်နေကြလော့။

14. တဖန်တုံ၊ ညီအစ်ကိုတို့၊ မတရားစွာပြုသောသူတို့ကို သတိပေးကြလော့။ စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသော သူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိ စေကြလော့။

15. သူတပါး၌အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှါ သတိပြု၍၊ အချင်းချင်းတို့၌၎င်း၊ ခပ်သိမ်းသောသူတို့၌ ၎င်း၊ ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ သက် 5