ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ယော 5:9-19 Judson Bible (BJB)

9. လူ၏သက်သေကိုယုံရလျှင်၊ ဘုရားသခင်၏ သက်သေတော်ကိုသာ၍ ယုံဘွယ်ရာအကြောင်းရှိ၏။ ယခုဆိုခဲ့ပြီးသော သက်သေကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းကို သက်သေခံတော်မူချက် ဖြစ်သတည်း။

10. ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည်၊ မိမိအထဲ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်ကို မုသာအပြစ်တင်၏။ အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းမှာ သက်သေခံတော်မူသောစကားတော်ကို ထိုသူသည် မယုံဘဲနေ၏။

11. သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။

12. သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။

13. ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။

14. ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်းအကြောင်းဟူမူကား၊ ငါတို့သည်အလိုတော်နှင့်အညီ တစုံတခုသောဆုကို တောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။

15. ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင်၊ အထံတော်၌ တောင်းသောဆုတို့ကို ရမည်ဟုသိရကြ၏။

16. ညီအစ်ကိုချင်းသည် သေပြစ်မသင့်သောဒုစရိုက်ကို ပြုမိသည်ကို တစုံတယောက်သောသူသည် မြင်လျှင်၊ ထိုသူသည် ဆုတောင်းရမည်။ သေပြစ်ကို မပြုသောသူတို့အဘို့အလိုငှါ၊ ဘုရားသခင်သည် ထိုသူအား အသက်ကိုပေးတော်မူမည်။ သေပြစ်သင့်သောဒုစရိုက်ရှိ၏။ ထိုဒုစရိုက်အပြစ်ကို လွှတ်စေခြင်းငှါ ဆုတောင်းရမည်ဟုငါမဆို။

17. မတရားသောအမှုမည်သည်ကား ဒုစရိုက်ဖြစ်၏။ သို့သော်လည်း သေပြစ်မသင့်သောဒုစရိုက်ရှိ၏။

18. ဘုရားသခင်၏သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကိုမပြုတတ်သည်ကို ငါတို့သိကြ၏။ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူသည်၊ မိမိကိုမိမိ စောင့်ရှောက်သဖြင့်၊ မာရ်နတ်သည်ထိုသူကို မထိမခိုက်နိုင်ရာ။

19. ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်ကို၎င်း၊ လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ယော 5