ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ယော 2:14-22 Judson Bible (BJB)

14. အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျိုတို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ်သဖြင့် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။

15. လောကကို၎င်း၊ လောက၌ရှိသောအရာတို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။

16. လောက၌ရှိသမျှသော အရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီ စည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။

17. လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။

18. ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ ရန်သူတည်းဟူသော အန္တိခရစ် ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း၊ ယခုပင်အန္တိခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခု ကာလသည်နောက်ဆုံးသောကာလဖြစ်သည်ကိုသိရ၏။

19. ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက်ကငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူနေကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ၊ ငါတို့ထံမှ ထွက်သွားကြ၏။

20. သင်တို့သည် သန့်ရှင်းတော်မူသောဘုရား၏ လက်မှဘိသိတ်ကျေးဇူးတော်ကိုခံရ၍၊ ခပ်သိမ်းသော အရာတို့ကို သိကြ၏။

21. သမ္မာတရားကို သင်တို့မသိသောကြောင့်၊ ငါရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သမ္မာတရား ကို၎င်း၊ မုသာရှိသမျှတို့သည် သမ္မာတရားနှင့် မစပ်ဆိုင်သည်ကို၎င်း၊ သိသောကြောင့် ငါရေး၍ပေးလိုက်၏။

22. မုသာကိုသုံးသောသူကားအဘယ်သူနည်း။ ယေရှုသည်ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သော သူသည် အန္တိခရစ်ဖြစ်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ယော 2