ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ပေ 1:6-20 Judson Bible (BJB)

6. အရည်ကျို၍စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သော ရွှေကိုစစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း၊ ဂုဏ်သရေ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊

7. သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။

8. ထိုသခင်ကိုသင်တို့သည် မမြင်ဘူးသော်လည်းချစ်ကြ၏။ ယခုမှာလည်းမမြင်ဘဲလျက်၊ ယုံကြည်သော အားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊

9. စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်း၏ အကျိုးကိုခံရကြ၏။

10. ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။

11. ခရစ်တော်ခံတော်မူရသော ဆင်းရဲကို၎င်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကို၎င်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သောသူကို၎င်း၊ အဘယ်သို့သောအချိန်ကာလကို၎င်း ဆိုလိုတော်မူသည်ဟု မေးမြန်းရှာဖွေကြ၏။

12. ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဘို့မဟုတ်၊ သင်တို့အဘို့ဖြစ်သည်ဟု ထိုသူတို့ အားဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှ စေလွှတ်တော်မူသောသန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အား ဧဝံဂေလိတရားကို ဟောပြောသောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ။ ထိုအရာတို့ကို ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင် သောစေတနာ စိတ်ရှိကြ၏။

13. သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ၊ သင်တို့ဆီသို့ရောက်လတံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့။

14. အထက်က သင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင်တတ်သော သူငယ်ကဲ့သို့ ဖြစ်၍၊

15. သင်တို့ကိုခေါ်တော်မူသော သူသည်သန့်ရှင်းတော်မူသည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်း ရှိကြလော့။

16. အကြောင်းမူကား၊ ငါသည်သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ ဟု ကျမ်းစာလာသတည်း။

17. လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသောသူတို့၏ အကျင့်အတိုင်း စီရင်တော်မူသောခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင်၊ ဧည့်သည်ဖြစ်စဉ် ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြ လော့။

18. မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန် ပျက်စီး တတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။

19. အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေး တော်မြတ်နှင့်ရွေးတော်မူသည်ကို သိမှတ်ကြလော့။

20. ထိုခရစ်တော်ကား၊ ဤကမ္ဘာမတည်မရှိမှီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အား ဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့အဘို့၊ ဤနောက်ဆုံးသော ကာလ၌ ထင်ရှားတော်မူပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ပေ 1