ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ကော 7:2-15 Judson Bible (BJB)

2. ကောင်းသော်လည်း၊ မတရားသောမေထုန်နှင့် ကင်းလွတ်မည်အကြောင်း၊ ယောက်ျားတိုင်း မိမိမယား ရှိစေလော့။ မိန်းမတိုင်း မိမိလင်ရှိစေလော့။

3. ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။

4. မိန်းမသည် မိမိကိုယ်ကိုမပိုင်၊ လင်သည်ပိုင်၏။ ထိုနည်းတူ ယောက်ျားသည်လည်း မိမိကိုယ်ကိုမပိုင်၊ မယားသည်ပိုင်၏။

5. အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကိုပြုရသော အခွင့်ရှိစေခြင်းငှါ၊ သဘောတူ၍ ခင်ပွန်းဝတ်ကိုခဏမျှ မရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင်၊ ကိုယ်ကိုမချုပ် တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသော အခွင့်မရှိစေခြင်းငှါ၊ နောက်တဖန် အတူနေကြလော့။

6. သို့ရာတွင် ပညတ်မထားဘဲအခွင့်ပေးခြင်း အားဖြင့်သာ ငါဆို၏။

7. လူအပေါင်းတို့သည် ငါကဲ့သို့ဖြစ်စေခြင်းငှါ ငါအလိုရှိ၏။ သို့သော်လည်း၊ လူအသီး အသီးတို့သည် ဘုရားသခင် ပေးသနားတော်မူသည်အတိုင်း အသီးအသီးသော ဆုကျေးဇူးကို ခံရကြ၏။

8. ထိုကြောင့်မယားမရှိသော သူတို့နှင့် မုတ်ဆိုးမတို့ကို ငါဆိုသည်ကား၊ ထိုသူတို့သည် ငါကဲ့သို့နေလျှင် ကောင်း၏။

9. သို့သော်လည်း၊ ကာမဂုဏ်ကို မချုပ်တည်းနိုင်လျှင် ထိမ်းမြားစုံဘက်ခြင်းကို ပြုကြစေ။ ကိလေသာ စိတ်ပူပန်ခြင်းရှိသည်ထက် ထိမ်းမြား စုံဘက်ခြင်း ပြုသော် သာ၍ကောင်း၏။

10. ခင်ပွန်းရှိသော သူတို့ကိုလည်း၊ ငါပညတ်သည် သာမက၊ သခင်ဘုရား ပညတ်တော်မူသည်ကား၊ မယားသည် မိမိခင်ပွန်းကို မစွန့်ပစ်စေနှင့်။

11. စွန့်ပစ်လျှင် ခင်ပွန်းမရှိဘဲနေစေ။ သို့မဟုတ်လျှင်၊ ခင်ပွန်းဟောင်းထံသို့ ပြန်၍ အသင့်အတင့်နေစေ။ ယောက်ျားသည်လည်း မိမိမယားနှင့် မကွာစေနှင့်။

12. ကြွင်းသောသူတို့ကိုသခင်ဘုရားသည် ကိုယ်တိုင်မပညတ်ဘဲ၊ ငါပညတ်သည်ကား၊ တစုံတယောက် သော ညီအစ်ကိုသည် မယုံကြည်သော မယားရှိ၍၊ ထိုမယားသည် မိမိခင်ပွန်းနှင့် နေခြင်းငှါ အလိုရှိလျှင် မကွာစေနှင့်။

13. ထိုနည်းတူ မိန်းမသည်လည်း၊ မယုံကြည်သော ခင်ပွန်းရှိ၍၊ ထိုခင်ပွန်းသည် မိမိမယားနှင့်နေခြင်းငှါ အလိုရှိလျှင် မကွာစေနှင့်။

14. အကြောင်းမူကား၊ မယုံကြည်သောလင်သည် မိမိမယားအဘို့ စင်ကြယ်၏။ မယုံကြည်သော မယား သည်လည်း မိမိလင်အဘို့ စင်ကြယ်၏။ သို့မဟုတ်လျှင် သင်တို့၏ သားသမီးသည် မစင်ကြယ်။ ယခုတွင် စင်ကြယ်ကြ၏။

15. သို့သော်လည်း မယုံကြည်သောသူသည် ကွာသွားလိုလျှင် ကွာသွားစေ။ ထိုသို့ပြုလျှင် တပည့်တော် သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ချည်နှောင်ခြင်းမရှိ။ ငါတို့သည် အသင့်အတင့်နေစေခြင်းငှါ ဘုရားသခင်၏ ပညတ်တော်ရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ကော 7