ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ကော 10:16-33 Judson Bible (BJB)

16. ငါတို့သည် ကျေးဇူးတော်ကို ချီးမွမ်းရာ မင်္ဂလာခွက်ဖလားမူကား၊ ခရစ်တော်၏အသွေးကို ဆက်ဆံခြင်း ဖြစ်သည် မဟုတ်လော။ ငါတို့ဖဲ့သောမုန့်မူကား၊ ခရစ်တော်၏ ကိုယ်ကို ဆက်ဆံခြင်းဖြစ်သည် မဟုတ်လော။

17. မုန့်တလုံးတည်းရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တလုံးတည်း ဖြစ်သောထိုမုန့်ကို ဆက်ဆံလျက် ခံယူကြ သောကြောင့်၊ အများဖြစ်သော ငါတို့သည် တလုံးတကိုယ်တည်းဖြစ်ကြ၏။

18. ဇာတိအားဖြင့် ဣသရေလအမျိုးဖြစ်သော သူတို့ကို ကြည့်ရှုကြလော့။ ယဇ်ကောင်ကိုစားသော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံသောသူဖြစ်ကြသည် မဟုတ်လော။

19. ထိုသို့ဆိုသော် အဘယ်သို့ ငါဆိုလိုသနည်း။ ရုပ်တုကား မှတ်စရာရှိသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကား မှတ်စရာရှိသည်ဟု ဆိုလိုသလော။

20. ထိုသို့မဆိုလို။ သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည်မဟုတ်။ နတ်ဆိုးတို့အား ပူဇော်ကြ၏။ သင်တို့သည် နတ်ဆိုးတို့နှင့် ဆက်ဆံစေခြင်းငှါ ငါအလိုမရှိ။

21. သခင်ဘုရား၏ ခွက်ဖလား၊ နတ်ဆိုးတို့၏ ခွက်ဖလားနှစ်ပါးကို သင်တို့မသောက်နိုင်ကြ။ သခင်ဘုရား၏ စားပွဲ၊ နတ်ဆိုးတို့၏စားပွဲနှစ်ပါးကို သင်တို့ဝင်၍ မစားနိုင်ကြ။

22. သခင်ဘုရား အမျက်တော်ထွက်စေခြင်းငှါ ငါတို့ ပြုရကြသလော။ ငါတို့သည် သခင်ဘုရားထက်သာ၍ တန်ခိုးကြီးကြသလော။

23. ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာတို့သည် သူတပါးကို တည်ဆောက်တတ်သည်မဟုတ်။

24. ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ။

25. ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့်၊ ဈေး၌ ရောင်းသမျှကို မစစ်ကြောမမေးမြန်းဘဲ စားကြလော့။

26. အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီး နှင့် မြေကြီးတန်ဆာကို ပိုင်တော်မူ၏။

27. မယုံကြည်သောသူသည် သင်တို့ကိုခေါ်ဘိတ်၍ သင်တို့သည် သွားလိုလျှင်၊ ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့်၊ သင်တို့ရှေ့၌ ထည့်သမျှကို မစစ်ကြော မမေးမြန်းဘဲ စားကြလော့။

28. သို့သော်လည်း ဤမည်သောအရာသည် ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ဖြစ်၏ဟု တစုံတယောက် သောသူဆိုလျှင်၊ ထိုသို့ဆိုသော သူ၏မျက်နှာကို၎င်း၊ ဩတ္တပ္ပစိတ်ကို၎င်း၊ ထောက်၍ မစားကြနှင့်။

29. ဩတ္တပ္ပစိတ် ဟုဆိုသော် ကိုယ်စိတ်ကိုမဆိုလို၊ သူ့စိတ်ကို ဆိုလို၏။ အခြားသောသူ၏စိတ်သည် ငါ၏အခွင့်ကို အဘယ် ကြောင့် စစ်ကြောစီရင်ရမည်နည်း။

30. ကျေးဇူးတော်အားဖြင့် ငါသုံးဆောင်ရလျှင်၊ ကျေးဇူးတော်ကို ချီးမွမ်း၍ သုံးဆောင်သည်တွင် အဘယ် ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရမည်နည်းဟု ဆိုလျှင် မူကား၊

31. သင်တို့သည်စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။

32. လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှါ၊ ငါသည် ကိုယ်အကျိုးကိုမရှာဘဲ သူ့အကျိုးကို ရှာ၍၊

33. ခပ်သိမ်းသောလူတို့၏ အလိုသို့အရာရာ၌ လိုက်သည်နည်းတူ၊ သင်တို့သည်လည်း ယုဒလူ၊ ဟေလသ လူ၊ ဘုရားသခင်၏ အသင်းတော်ဝင်သူတို့၌ ထိမိ၍ လဲစရာ အကြောင်းကို မပြုဘဲ၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ကော 10