ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၁ ကော 10:11-25 Judson Bible (BJB)

11. ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေ ဖြစ်အံ့သောငှါ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလ အဆုံးတွင် ဖြစ်သောငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း။

12. ထိုကြောင့် အကြင်သူသည် မိမိတည်ကြည် လျက်နေသည်ဟု မိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှါ သတိပြုစေ။

13. လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့ မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေး တော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။

14. ထိုကြောင့် ငါ့ချစ်သူတို့၊ ရုပ်တို့ကို ကိုးကွယ်ခြင်း အမှုကို ကြဉ်ရှောင်ကြလော့။

15. သင်တို့ကို ပညာရှိသကဲ့သို့မှတ်၍ ပြောမည်။ ငါ့စကားကို ဆင်ခြင်ကြလော့။

16. ငါတို့သည် ကျေးဇူးတော်ကို ချီးမွမ်းရာ မင်္ဂလာခွက်ဖလားမူကား၊ ခရစ်တော်၏အသွေးကို ဆက်ဆံခြင်း ဖြစ်သည် မဟုတ်လော။ ငါတို့ဖဲ့သောမုန့်မူကား၊ ခရစ်တော်၏ ကိုယ်ကို ဆက်ဆံခြင်းဖြစ်သည် မဟုတ်လော။

17. မုန့်တလုံးတည်းရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တလုံးတည်း ဖြစ်သောထိုမုန့်ကို ဆက်ဆံလျက် ခံယူကြ သောကြောင့်၊ အများဖြစ်သော ငါတို့သည် တလုံးတကိုယ်တည်းဖြစ်ကြ၏။

18. ဇာတိအားဖြင့် ဣသရေလအမျိုးဖြစ်သော သူတို့ကို ကြည့်ရှုကြလော့။ ယဇ်ကောင်ကိုစားသော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံသောသူဖြစ်ကြသည် မဟုတ်လော။

19. ထိုသို့ဆိုသော် အဘယ်သို့ ငါဆိုလိုသနည်း။ ရုပ်တုကား မှတ်စရာရှိသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကား မှတ်စရာရှိသည်ဟု ဆိုလိုသလော။

20. ထိုသို့မဆိုလို။ သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည်မဟုတ်။ နတ်ဆိုးတို့အား ပူဇော်ကြ၏။ သင်တို့သည် နတ်ဆိုးတို့နှင့် ဆက်ဆံစေခြင်းငှါ ငါအလိုမရှိ။

21. သခင်ဘုရား၏ ခွက်ဖလား၊ နတ်ဆိုးတို့၏ ခွက်ဖလားနှစ်ပါးကို သင်တို့မသောက်နိုင်ကြ။ သခင်ဘုရား၏ စားပွဲ၊ နတ်ဆိုးတို့၏စားပွဲနှစ်ပါးကို သင်တို့ဝင်၍ မစားနိုင်ကြ။

22. သခင်ဘုရား အမျက်တော်ထွက်စေခြင်းငှါ ငါတို့ ပြုရကြသလော။ ငါတို့သည် သခင်ဘုရားထက်သာ၍ တန်ခိုးကြီးကြသလော။

23. ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာတို့သည် သူတပါးကို တည်ဆောက်တတ်သည်မဟုတ်။

24. ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ။

25. ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့်၊ ဈေး၌ ရောင်းသမျှကို မစစ်ကြောမမေးမြန်းဘဲ စားကြလော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၁ ကော 10