ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​ဖက် 3:5-19 Judson Bible (BJB)

5. ထိုနက်နဲသောအရာကို သန့်ရှင်းသော တမန်တော်တို့နှင့် ပရောဖက်တို့အား၊ ယခုကာလ၌ ဝိညာဉ် တော်အားဖြင့် ဖွင့်လှစ်တော်မူသည်နည်းတူ၊ အခြားသော ကာလတို့၌ လူမျိုးတို့အား ပြတော်မမူ။

6. ထိုနက်နဲသောအရာဟူကား၊ တပါးအမျိုးသားတို့သည် ဧဝံဂလိတရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူ အမွေခံ၍၊ တလုံးတဝတကိုယ်တည်းဖြစ်လျက်၊ ခရစ်တော်နှင့်ဆိုင်သောဂတိတော်ကို ဆက်ဆံကြရသတည်း။

7. တန်ခိုးတော်ပြုပြင်သောအားဖြင့် ငါ့အားပေးသနားတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊ ထိုတရားကို ဟောပြောသောဆရာ၏ အဖြစ်သို့ ငါရောက်ရပြီ။

8. စစ်၍မကုန်နိုင်သော ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်း၏ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့အား ဟောပြောခြင်းငှါ၎င်း၊ အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့် ဖန်ဆင်းတော်မူသော ဘုရားသခင်၌ ရှေးကပ် ကာလပတ်လုံး ဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာနှင့် စပ်ဆိုင်သော သာသနာသည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ၎င်း၊

9. သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသော သူထက်သာ၍ ငယ်သော ငါအား ထိုကျေးဇူးတော်ကို ပေးတော်မူပြီ။

10. အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရအကြံတော် ရှိသည်နှင့်အညီ၊

11. ကောင်းကင်အရပ်တို့၌ အထွဋ်အမြတ် အာဏာစက်တို့သည်၊ ဘုရားသခင်၏ထူးဆန်းသော ပညတ်တော်ကို အသင်းတော်အားဖြင့် ယခုသိကြရမည် အကြောင်းတည်း။

12. ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ငါတို့သည် ရဲရင့်သောစိတ်နှင့်တိုးဝင်၍ အသနားတော်ခံရသော အခွင့်ကိုရကြပြီ။

13. ထိုကြောင့် သင်တို့၏အသရေကို ပြုစု၍ သင်တို့အတွက်ကြောင့် ငါခံရသော ဆင်းရဲခြင်းကို မြင်လျှင်၊ ရွေ့လျော့သော စိတ်မရှိကြပါစေနှင့်။

14. အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တအိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊

15. ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။

16. ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းလူကို ခွန်အားနှင့် မြဲမြံ ခိုင်ခံ့စေ၍၊

17. ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့၏ စိတ်နှလုံးအထဲ၌ ကျိန်းဝပ်တော်မူမည်အကြောင်း၊ ဘုန်းတော်ကြွယ်ဝပြည်စုံခြင်းနှင့် ညီလျော်စွာ သင်တို့အား ပေးတော်မူ၍၊ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်းရှိသဖြင့်၊

18. သင်တို့သည်သန့်ရှင်းသူအပေါင်းတို့၏ နည်းတူ၊ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှါ၎င်း၊

19. ကိုယ်ဥာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည်စုံတော်မူခြင်းရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည် ဆုတောင်းလေ့ရှိ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​ဖက် 3