ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဧ​ဖက် 1:10-23 Judson Bible (BJB)

10. ထိုနက်နဲသောအရာဟူမူကား၊ ကာလအချိန်စေ့စုံခြင်း၏ သာသနာတွင် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ ချုပ်ခြာ စေတော်မူလိမ့်သတည်း။

11. မိမိစေတနာ၏အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ၏ကြံစည်ခြင်းရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏။

12. အကြောင်းမူကား၊ ခရစ်တော်ကို မျှော်လင့်နှင့်သော ငါတို့အားဖြင့် ဘုန်းတော်ကို ချီးမွမ်းစေခြင်းအကြောင်းဖြစ်သတည်း။

13. သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိတရားတည်းဟူသော သမ္မာတရားကိုကြားနာ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံကြရပြီ။

14. ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနှုတ်တော်မူခြင်းသို့ မရောက်မှီကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့ အမွေ၏ စားရန်ဖြစ်တော်မူ၏။

15. ထိုကြောင့် သင်တို့သည်သခင်ယေရှုကို ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့ကို ချစ်ခြင်းအကြောင်းကို ငါသည်ကြားပြီးလျှင်၊

16. သင်တို့ကိုအကြောင်းပြု၍ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက်၊ သင်တို့အဘို့ အလိုငှါ ဆုတောင်းပဌနာပြုလျက်နေ၏။

17. ဆုတောင်းသောအချက်ဟူမူကား၊ ငါတို့သခင် ယေရှုခရစ်၏ ဘုရားသခင်ဖြစ်တော်မူသော ဘုန်းကြီးသော အဘခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်းအလိုငှါ ပညာကို၎င်း၊ ထိုးထွင်းသောဥာဏ်ကို၎င်း၊ သင်တို့အား ပေးပါမည်အကြောင်း၊

18. ခေါ်တော်မူသောကြောင့် မြော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကို၎င်း၊ သန့်ရှင်းသူတို့ သည် ခံရသောအမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊

19. ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊ သင်တို့သည်သိစေခြင်းငှါ၊ သင်တို့၏ ဥာဏ်မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်း ပဌနာပြု၏။

20. ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူ၍ ခရစ်တော်၌ပြုပြင်သော မဟာ တန်ခိုးအာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။

21. ခပ်သိမ်းသော အထွဋ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍ ယခုဘဝနောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သောဘွဲ့နာမအလုံးစုံတို့အထက်၊ ကောင်းကင်အရပ်၌ မိမိလက်ျာတော်ဘက်မှာ အလွန်မြင့်မြတ် သောနေရာကို ခရစ်တော်အား ပေးတော်မူ၍၊

22. ခြေဘဝါးတော်အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့်၊ အသင်းတော်ဘို့အလိုငှါ၊ သူ့ကိုအလုံးစုံတို့၏ အချုပ်အခြာ ဦးခေါင်းဖြစ်စေတော်မူ၏။

23. ထိုအသင်တော်ကား၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံတော်မူသော သူ၏ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ်ဖြစ်သတည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဧ​ဖက် 1