ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဟေ​ဗြဲ 7:14-27 Judson Bible (BJB)

14. အကြောင်းမူကား၊ ငါတို့သခင်သည် ယုဒအမျိုးထဲ၌ ပေါ်ထွန်းသည်ဟု ထင်ရှားလျက်ရှိ၏။ ထိုအမျိုးသည် ယဇ်ပုရောဟိတ်အရာနှင့် စပ်ဆိုင်သည်ဟုမောရှေသည် တခွန်းကိုမျှမပြော။

15. ထိုမှတပါး၊ မေလခိဇေဒက်နည်းတူ အခြားသော ယဇ်ပုရောဟိတ်သည် ပေါ်ထွန်းသည်မှန်လျှင်၊ ယဇ်ပုရောဟိတ်အမျိုး ပြောင်းလဲပြီဟု သာ၍ထင်ရှား၏။

16. ထိုယဇ်ပုရောဟိတ်သည် ကိုယ်ခန္ဓာနှင့် စပ်ဆိုင်သော တရားအတိုင်း ခန့်ထားလျက်ရှိသည်မဟုတ်။ ထာဝရအသက်၏ တန်ခိုးအာနုဘော်အတိုင်း ခန့်ထားလျက်ရှိသတည်း။

17. အကြောင်းမူကား၊ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာဝရ ယဇ်ပုရောဟိတ်ဖြစ်သည်ဟု သက်သေခံတော်မူသတည်း။

18. ပညတ်တရားသည် အဘယ်သူကိုမျှ စုံလင်ခြင်းသို့ မပို့နိုင်သည်ဖြစ်၍၊

19. ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကို မပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ ရောက် ရ၏။ သို့သော်လည်း၊ သာ၍မြတ်သော မြော်လင့်ခြင်းအခွင့်သည် နေရာကျ၏။ ထိုမြော်လင့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ်ရကြ၏။

20. ထိုသူတို့သည် အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကို ရကြ၏။

21. ယေရှုမူကား၊ အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကိုမရ၊ ထာဝရဘုရားက၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တဖန် စိတ်ပြောင်းလဲခြင်းရှိတော် မမူသည်နှင့်အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊

22. သာ၍မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်၏။

23. ထိုသူတို့သည်လည်း သေရသောကြောင့် အစဉ်မတည်နိုင်သည်ဖြစ်၍ အများရှိရကြ၏။

24. ယေရှုမူကား၊ နိစ္စထာဝရတည်သောကြောင့် မပြောင်းမလဲသော ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလျက်ရှိ၏။

25. ထိုကြောင့်၊ အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏၊ ထိုသူတို့၏ အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလအစဉ် အသက်ရှင်သောကြောင့်၊ သူတို့ကို အစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။

26. ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့် ကင်းလွတ်လျက် အပြစ်ရှိသော သူတို့နှင့်မဆက်ဆံ၊ ကောင်းကင်သားအပေါင်းတို့ထက် မြင့်မြတ်သောသူဖြစ်၍၊ ငါတို့နှင့် တော်သင့်တော်မူ၏။

27. အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့်၎င်း၊ လူများအပြစ်ကြောင့်၎င်း၊ နေ့တိုင်း ယဇ်ပူဇော်ရသကဲ့သို့၊ ထိုသခင်သည် ယဇ်ပူဇော်စရာအကြောင်းမရှိ၊ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိ ကိုယ်ကိုတခါတည်း ယဇ်ပူဇော်၍ ထိုအမှုကို ပြီးစီးတော်မူပြီ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဟေ​ဗြဲ 7