ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 9:30-45 Judson Bible (BJB)

30. မောရှေနှင့်ဧလိယတည်းဟူသော လူနှစ်ယောက်တို့သည် ဘုန်းအသရေနှင့်ထင်ရှား၍၊

31. ကိုယ်တော်နှင့်အတူဆွေးနွေးလျက် ယေရုရှလင်မြို့၌ စုတေ့တော်မူမည်အကြောင်းအရာကို ပြောကြ၏။

32. ပေတရုနှင့် သူ၏အဘော်တို့သည် မျက်စိလေးလန်သဖြင့် တငိုက်ငိုက်ရှိကြ၏၊ နိုးသောအခါ ဘုန်းအသရေတော်ကို၎င်း၊ ကိုယ်တော်နှင့် ရပ်နေသောလူနှစ်ယောက်ကို၎င်း မြင်ကြ၏။

33. ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့တဲတဆောင်၊ မောရှေဘို့တဆောင်။ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ် ပါရစေဟု ယောင်ယမ်း၍ လျှောက်လေ၏။

34. ထိုသို့လျှောက်ပြီးမှ မိုဃ်းတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ မောရှေနှင့် ဧလိယသည်တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့သည် ကြောက်ခြင်းရှိကြသည်ဖြစ်၍၊

35. ဤသူကား ငါ၏ချစ်သားပေတည်း။ သူ၏ စကားကိုနားထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော်ဖြစ်လေ၏။

36. ထိုအသံတော်ဖြစ်သည် ခဏခြင်းတွင်၊ ယေရှုသည် တယောက်တည်းရှိတော်မူ၏။ တပည့်တော်တို့ သည် မိမိတို့မြင်သောအရာကိုဝှက်ထား၍၊ ထိုကာလ၌ အဘယ်သူအားမျှမကြားမပြောဘဲနေကြ၏။

37. နက်ဖြန်နေ့၌ တောင်ပေါ်ကဆင်းကြပြီးလျှင်၊ များစွာသောလူအစုအဝေးသည် ကိုယ်တော်ကို ခရီးဦးကြိုပြု၏။

38. လူအစုအဝေး၌ ပါသောသူတယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်၏သားကို ကြည့်ရှုတော်မူမည် အကြောင်း အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်၌ သားတယောက်တည်းရှိပါ၏။

39. နတ်ဘမ်းစားသဖြင့် သူသည်ရုတ်ခနဲအော်ဟစ်၍၊ အမြှုတ်ထွက်လျက်တောင့်မာခြင်းသို့ ရောက်တတ် ပါ၏။ ထိုသို့ နာကျင်စွာနှိပ်စက်ပြီးမှ နတ်သည်အလွန် သွားခဲ၏။

40. ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်တောင်းပန်သော်လည်း သူတို့ သည် မတတ်နိုင်ကြပါဟု အော်ဟစ်လျက် လျှောက်လေ၏။

41. ယေရှုကလည်း၊ ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည်သင်တို့နှင့်အတူ အဘယ်မျှ ကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှ ကာလပတ်လုံး သည်းခံရမည်နည်း။ သင်၏သားကို ငါ့ထံသို့ ယူခဲ့ဟု မိန့်တော်မူ၏။

42. သူငယ်လာစဉ်ပင်နတ်ဆိုးသည် မြေပေါ်မှာလှဲ၍ တောင့်မာစေ၏။ ယေရှုသည် ညစ်ညူးသောနတ်ကို ဆုံးမ၍ ထိုသူငယ်ကို ချမ်းသာစေပြီးမှ အဘအား အပ်ပေးတော်မူ၏။

43. လူအပေါင်းတို့သည် ဘုရားသခင်၏ မဟာတန်ခိုးတော်ကို မြင်၍ မိန်းမောတွေဝေခြင်းရှိကြ၏။

44. ထိုသို့ယေရှုပြုတော်မူသမျှကို လူအပေါင်းတို့သည် အံ့ဩချီးမွမ်းကြစဉ် တပည့်တော်တို့အား၊ သင်တို့ သည် ငါ့စကားကို နားထောင်မှတ်မိကြလော့။ လူသားကို လူတို့လက်သို့ အပ်နှံရသောအချိန်နီးပြီဟု မိန့်တော် မူ၏။

45. ထိုစကားတော်၏ အနက်မထင်ရှားသဖြင့် တပည့်တော်တို့သည် နားမလည်မရိပ်မိဘဲနေကြ၏။ အနက် ကိုလည်းမမေးမလျှောက်ဝံ့ကြ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 9