ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 9:25-39 Judson Bible (BJB)

25. ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ ကိုယ်ကို ကိုယ်ဆုံးရှုံးသောသူသည် အဘယ်ကျေးဇူးရှိသနည်။

26. အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်းရှက်၏၊ လူသားသည် မိမိဘုန်း၊ မိမိအဘခမည်းတော်၏ ဘုန်း၊ သန့်ရှင်းသောကောင်းကင်တမန်တို့၏ဘုန်းကို ဆောင်လျက်ကြွလာသောအခါ၊ ထိုသူကို ရှက်တော် မူလတံ့။

27. ငါအမှန်ဆိုသည်ကား၊ ဤအရပ်၌ရှိသော သူအချို့တို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်မှီ သေခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။

28. ထိုသို့မိန့်တော်မူသည်နောက်၊ ရှစ်ရက်လောက်လွန်သောအခါ၊ ယေရှုသည်ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းခြင်းငှါ တောင်ပေါ်သို့ တက်ကြွတော်မူ၏။

29. ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက်ဖြူ၏။

30. မောရှေနှင့်ဧလိယတည်းဟူသော လူနှစ်ယောက်တို့သည် ဘုန်းအသရေနှင့်ထင်ရှား၍၊

31. ကိုယ်တော်နှင့်အတူဆွေးနွေးလျက် ယေရုရှလင်မြို့၌ စုတေ့တော်မူမည်အကြောင်းအရာကို ပြောကြ၏။

32. ပေတရုနှင့် သူ၏အဘော်တို့သည် မျက်စိလေးလန်သဖြင့် တငိုက်ငိုက်ရှိကြ၏၊ နိုးသောအခါ ဘုန်းအသရေတော်ကို၎င်း၊ ကိုယ်တော်နှင့် ရပ်နေသောလူနှစ်ယောက်ကို၎င်း မြင်ကြ၏။

33. ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့တဲတဆောင်၊ မောရှေဘို့တဆောင်။ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ် ပါရစေဟု ယောင်ယမ်း၍ လျှောက်လေ၏။

34. ထိုသို့လျှောက်ပြီးမှ မိုဃ်းတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ မောရှေနှင့် ဧလိယသည်တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့သည် ကြောက်ခြင်းရှိကြသည်ဖြစ်၍၊

35. ဤသူကား ငါ၏ချစ်သားပေတည်း။ သူ၏ စကားကိုနားထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော်ဖြစ်လေ၏။

36. ထိုအသံတော်ဖြစ်သည် ခဏခြင်းတွင်၊ ယေရှုသည် တယောက်တည်းရှိတော်မူ၏။ တပည့်တော်တို့ သည် မိမိတို့မြင်သောအရာကိုဝှက်ထား၍၊ ထိုကာလ၌ အဘယ်သူအားမျှမကြားမပြောဘဲနေကြ၏။

37. နက်ဖြန်နေ့၌ တောင်ပေါ်ကဆင်းကြပြီးလျှင်၊ များစွာသောလူအစုအဝေးသည် ကိုယ်တော်ကို ခရီးဦးကြိုပြု၏။

38. လူအစုအဝေး၌ ပါသောသူတယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်၏သားကို ကြည့်ရှုတော်မူမည် အကြောင်း အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်၌ သားတယောက်တည်းရှိပါ၏။

39. နတ်ဘမ်းစားသဖြင့် သူသည်ရုတ်ခနဲအော်ဟစ်၍၊ အမြှုတ်ထွက်လျက်တောင့်မာခြင်းသို့ ရောက်တတ် ပါ၏။ ထိုသို့ နာကျင်စွာနှိပ်စက်ပြီးမှ နတ်သည်အလွန် သွားခဲ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 9