ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 9:17-35 Judson Bible (BJB)

17. လူအပေါင်းတို့သည် စား၍ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကိုကောက်သိမ်း၍ တဆယ်နှစ်တောင်း အပြည့်ရကြ၏။

18. တရံရောအခါ၊ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊

19. လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည်ဟူ၍၎င်း၊ အချို့က၊ ဧလိယဖြစ်သည်ဟူ၍၎င်း၊ အချို့က၊ ရှေးပရောဖက် တပါးပါးထပြန်သည်ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊

20. သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ဘုရားသခင်၏ ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။

21. ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှါ တပည့်တော်တို့ကို ကြပ်တည်းစွာ ပညတ်တော်မူ၏။

22. ထိုမှတပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများတို့ကို မိန့်တော်မူ၏။

23. ထိုမှတပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။

24. အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။

25. ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ ကိုယ်ကို ကိုယ်ဆုံးရှုံးသောသူသည် အဘယ်ကျေးဇူးရှိသနည်။

26. အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်းရှက်၏၊ လူသားသည် မိမိဘုန်း၊ မိမိအဘခမည်းတော်၏ ဘုန်း၊ သန့်ရှင်းသောကောင်းကင်တမန်တို့၏ဘုန်းကို ဆောင်လျက်ကြွလာသောအခါ၊ ထိုသူကို ရှက်တော် မူလတံ့။

27. ငါအမှန်ဆိုသည်ကား၊ ဤအရပ်၌ရှိသော သူအချို့တို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်မှီ သေခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။

28. ထိုသို့မိန့်တော်မူသည်နောက်၊ ရှစ်ရက်လောက်လွန်သောအခါ၊ ယေရှုသည်ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းခြင်းငှါ တောင်ပေါ်သို့ တက်ကြွတော်မူ၏။

29. ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက်ဖြူ၏။

30. မောရှေနှင့်ဧလိယတည်းဟူသော လူနှစ်ယောက်တို့သည် ဘုန်းအသရေနှင့်ထင်ရှား၍၊

31. ကိုယ်တော်နှင့်အတူဆွေးနွေးလျက် ယေရုရှလင်မြို့၌ စုတေ့တော်မူမည်အကြောင်းအရာကို ပြောကြ၏။

32. ပေတရုနှင့် သူ၏အဘော်တို့သည် မျက်စိလေးလန်သဖြင့် တငိုက်ငိုက်ရှိကြ၏၊ နိုးသောအခါ ဘုန်းအသရေတော်ကို၎င်း၊ ကိုယ်တော်နှင့် ရပ်နေသောလူနှစ်ယောက်ကို၎င်း မြင်ကြ၏။

33. ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့တဲတဆောင်၊ မောရှေဘို့တဆောင်။ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ် ပါရစေဟု ယောင်ယမ်း၍ လျှောက်လေ၏။

34. ထိုသို့လျှောက်ပြီးမှ မိုဃ်းတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ မောရှေနှင့် ဧလိယသည်တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့သည် ကြောက်ခြင်းရှိကြသည်ဖြစ်၍၊

35. ဤသူကား ငါ၏ချစ်သားပေတည်း။ သူ၏ စကားကိုနားထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော်ဖြစ်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 9