ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 8:11-28 Judson Bible (BJB)

11. ထိုဥပမာအနက်အဓိပ္ပါယ်ကား မျိုးစေ့သည် ဘုရားသခင်၏တရားစကားဖြစ်၏။

12. လမ်း၌ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက်စေခြင်းငှါ၊ မာရ်နတ်သည် လာ၍ တရားစကားကို နှလုံးထဲမှနှုတ်ယူသောသူကိုဆိုလိုသတည်း။

13. ကျောက်ပေါ်၌ရှိသောသူကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ခံယူသော်လည်း စိတ်နှလုံး၌အမြစ်မစွဲ၊ ခဏသာယုံကြည်သဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအခါ ဖောက်ပြန်သောသူကို ဆိုလိုသတည်း။

14. ဆူးပင်တို့တွင် ရှိသောသူကား၊ တရားစကားကိုကြားသည်ရှိသော်၊ လောကီစိုးရိမ်းခြင်း၊ စည်းစိမ်ကြွယ်ဝခြင်း၊ ကာမဂုဏ်ခံစားခြင်းတို့သည် နှိပ်စက်၍ အသီးမသီးသောသူကိုဆိုလိုသတည်း။

15. ကောင်းသောမြေ၌ရှိသောသူကား၊ ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံးနှင့် တရားစကားကိုကြားလျှင်၊ စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီးသီးသော သူကိုဆိုလိုသတည်း။

16. ဆီမီးထွန်းပြီးလျှင် အိုးမှောက်၍ ဖုံးထားလေ့မရှိ။ ခုတင်အောက်၌လည်း ထားလေ့မရှိ။ ဝင်သောသူသည် အလင်းကိုမြင်စေခြင်းငှါ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။

17. ဆိတ်ကွယ်ရာ၌ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ထင်ရှားစွာ ပွင့်လင်းလိမ့်မည်။

18. ထိုကြောင့်သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြောင်းမူကား၊ အကြင်သူသည်ရတတ်၏၊ ထိုသူ့အားပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ဥစ္စာရှိဟန်ဆောင်သမျှကိုပင်နှုတ်လိမ့်မည်ဟု မိန့်တော်မူ၏။

19. ထိုအခါ မယ်တော်နှင့် ညီတော်တို့သည် လာ၍ စည်းဝေးသောသူများသောကြောင့်၊ ကိုယ်တော်ရင်းသို့ မချဉ်းကပ်နိုင်ဘဲနေကြ၏။

20. လူအချို့ကလည်း၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကိုတွေ့လို၍ ပြင်မှာရပ်နေကြပါ၏ဟု လျှောက်လျှင်၊

21. ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုကြား၍ နားထောင်သောသူတို့သည် ငါ့အမိ၊ ငါ့ညီဖြစ်သတည်းဟု မိန့်တော်မူ၏။

22. တနေ့သ၌ ယေရှုသည် တပည့်တော်တို့နှင့်အတူ လှေထဲသို့ဝင်၍၊ အိုင်တဘက်သို့ကူးကြကုန်အံ့ဟု မိန့်တော်မူပြီးလျှင် လွှင့်သွားကြ၏။

23. အိုင်ကိုကူးသောအခါ ယေရှုသည် ကျိန်းစက်တော်မူ၏။ အိုင်၌မိုဃ်းသက်မုန်တိုင်းဖြစ်၍၊ လှေသည် ရေနှင့်ပြည့်သောကြောင့် ဘေးရောက်လု၏။

24. တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးပြီးလျှင်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏ဟုလျှောက်ကြသော်၊ ကိုယ်တော်သည် ထ၍လေနှင့်လှိုင်းတံပိုးကို ဆုံးမတော်မူသဖြင့်၊ လေနှင့် လှိုင်းတံပိုးသည် ငြိမ်း၍သာယာလေ၏။

25. ကိုယ်တော်ကလည်း၊ သင်တို့ယုံကြည်ခြင်း စိတ်သည် အဘယ်မှာရှိသနည်းဟု မေးတော်မူလျှင်၊ သူတို့ သည် ကြောက်ရွံ့အံ့ဩ၍၊ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ရေကိုပင်မှာထားတော်မူ၍၊ သူတို့ သည် နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။

26. ဂါလိလဲပြည်နှင့် အိုင်တဘက်ဖြစ်သော ဂါဒရပြည်သို့ ရောက်ကြ၍၊

27. ယေရှုသည် ကုန်းပေါ်သို့ တက်တော်မူလျှင်၊ ကာလတာရှည်စွာ နတ်ဆိုးစွဲသဖြင့် အဝတ်ကိုမဝတ်၊ အိမ်၌မနေ၊ သခင်္ျိုင်းတစပြင်၌နေတတ်သော ဂါဒရပြည်သားတယောက်သည် ကိုယ်တော်ကို ခရီးဦးကြို ပြုလေ၏။

28. ကိုယ်တော်ကိုမြင်လျှင် ပြပ်ဝပ်၍၊ အမြင့်ဆုံးသောဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း အကျွန်ုပ်တောင်းပန်ပါသည်ဟု ကြီးသောအသံနှင့်အော်ဟစ်၍ လျှောက်လေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 8