ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 7:36-50 Judson Bible (BJB)

36. ဖာရိရှဲတယောက်သည် အစာကို သုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော်ကို ခေါ်ပင့်လျှင်၊ ထိုဖာရိရှဲ၏ အိမ်သို့ကြွ၍ စားပွဲ၌လျောင်းတော်မူ၏။

37. ထိုသို့စားပွဲ၌လျောင်းတော်မူသည်ကိုထိုမြို့၌ဆိုးသောမိန်းမတယောက်သည် သိလျှင်၊ ဆီမွှေး ကျောက်ဖြူ ခွင်တလုံးကို ယူခဲ့၍၊

38. နောက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကြလျှင် မိမိဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကိုလည်း နမ်း၍ ဆီမွှေးနှင့် လိမ်းလျက်နေလေ၏။

39. ကိုယ်တော်ကို ခေါ်ပင့်သော ဖာရိရှဲသည်မြင်လေသော်၊ ဤသူသည်ပရောဖက်မှန်လျင် ခြေတော်ကို ကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူဖြစ်၏ဟု ထင်မှတ်၏။

40. ယေရှုကလည်း၊ အချင်းရှိမုန်၊ သင့်အား ငါပြောစရာတခုရှိသည်ဟု မိန့်တော်မူလျှင်၊ အရှင်ဘုရား အမိန့်ရှိတော်မူပါဟု လျှောက်သော်၊

41. ယေရှုက၊ ဥစ္စာရှင်တဦး၌ ကြွေးစားနှစ်ဦးရှိ၏။ တယောက်၌ကား ဒေနာရိအပြားငါးရာ၊ တယောက်၌ကား ငါးဆယ်ကြွေးရှိ၏။

42. သူတို့သည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကြွေးရှင်သည် ထိုသူနှစ်ယောက်တို့ကို အချည်းနှီးလွှတ်၏။ သို့ဖြစ်လျှင် ထိုသူနှစ်ယောက်တွင် အဘယ်သူသည် ကြွေးရှင်ကိုသာ၍ ချစ်လိမ့်မည်နည်းဟု မေးတော်မူ၏။

43. ရှိမုန်ကလည်း၊ သာ၍ကျေးဇူးကိုခံရသောသူသည် သာ၍ချစ်လိမ့်မည် အကျွန်ုပ်ထင်ပါ၏ဟု လျှောက်လျှင်၊ ယေရှုက၊ သင်ထင်သည်အတိုင်း မှန်ပေ၏ဟု မိန့်တော်မူပြီးမှ၊

44. ထိုမိန်းမကိုလှည့်၍ ရှိမုန်အားလည်း၊ သင်သည် ဤမိန်းမကိုမြင်သလော။ သင်၏အိမ်သို့ ငါဝင်သော် သင်သည် ခြေဆေးရေကိုမပေး။ ဤမိန်းမမူကား၊ ငါ့ခြေ ပေါ်သို့ မျက်ရည်ကျ၍ မိမိဆံပင်နှင့်သုတ်လေပြီ။

45. သင်သည် ငါ့ကိုမနမ်း၊ သူမူကား၊ အိမ်သို့ဝင်သောအချိန်မှစ၍ ငါ့ခြေကို နမ်းလျက်မစဲဘဲနေ၏။

46. သင်သည်ငါ့ခေါင်းကို ဆီနှင့်မလိမ်း။ သူမူကား၊ ငါ့ခြေကို ဆီမွှေးနှင့်လိမ်းလေပြီ။

47. ထိုကြောင့် ငါဆိုသည်ကား၊ သူသည် များစွာသောအပြစ်တို့နှင့်လွတ်သည်ဖြစ်၍ အလွန်ချစ်တတ်၏။ အနည်းငယ်သောအပြစ်လွတ်သောသူသည် အနည်းငယ်မျှသာ ချစ်တတ်သည်ဟု မိန့်တော်မူ၏။

48. ထိုမိန်းမအားလည်း၊ သင်သည် အပြစ်တို့နှင့် လွတ်လေပြီဟု မိန့်တော်မူ၏။

49. စားပွဲ၌လျောင်းသောသူတို့က၊ အပြစ်ကိုလွှတ်သော ဤသူကား အဘယ်သူနည်းဟု အောက်မေ့ကြ၏။

50. ယေရှုသည် ထိုမိန်းမအားသင်၏ ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလောဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 7