ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 5:1-14 Judson Bible (BJB)

1. တရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားကို နားထောင်ခြင်းငှါ ကိုယ်တော်အနီးသို့ တိုးဝင်ကြစဉ်တွင်၊ ကမ်းနားမှာဆိုက်သော လှေနှစ်စင်းမြင်တော်မူ၏။

2. တံငါတို့သည် လှေထဲကထွက်၍ပိုက်ကွန်တို့ကို ဆေးလျှော်လျက်နေကြ၏။

3. ထိုလှေတို့တွင် ရှိမုန်၏ လှေထဲသို့ ဝင်တော်မူပြီးလျှင်၊ လှေကိုကမ်းနားမှာ အနည်းငယ်ခွာဖွင့်စေခြင်းငှါ ရှိမုန်ကို အခွင့်တောင်းတော်မူ၏။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတို့ကို ဆုံးမဩဝါဒပေးတော်မူ၏။

4. စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့ ဟု ရှိမုန်အားမိန့်တော်မူ၏။

5. ရှိမုန်ကလည်း၊ သခင်၊ အကျွန်ုပ်တို့သည် တညဉ့်လုံးကြိုးစားသော်လည်း တကောင်ကိုမျှမရပါ။ သို့ရာတွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်ဟု လျှောက်လေ၏။

6. ထိုသို့ချကြပြီးလျှင်၊ အလွန်များစွာသော ငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပျတ်စရှိ၏။

7. အခြားသော လှေတစင်း၌ရှိသော အပေါင်းအဘော်တို့သည်လာ၍ကူညီစေခြင်းငှါ သူတို့ကို အမှတ်ပေးသဖြင့်၊ သူတို့သည်လာ၍ လှေနှစ်စင်း နစ်လုမတတ် ငါးနှင့်ပြည့်စေကြ၏။

8. ရှိမုန် ပေတရုသ်မြင်လျှင်၊ ယေရှု၏ ပုဆစ်တော်ကိုဦးတိုက်၍၊ သခင်၊ အကျွန်ုပ်သည် အပြစ်များသော သူဖြစ်ပါ၏။ အကျွန်ုပ်ဆီမှကြွသွားတော်မူပါဟု လျှောက်လေ၏။

9. အဘယ်ကြောင့် ဤသို့ လျှောက်သနည်း ဟူမူကား၊ အုပ်မိသောငါးများကိုထောက်သဖြင့်၊ ရှိမုန်နှင့် သူ၏အပေါင်းအဘော် ဇေဗေဒဲ၏သားယာကုပ်နှင့် ယောဟန်မှစ၍ ရှိမုန်နှင့်ပါသမျှသောသူတို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။

10. ယေရှုကလည်း၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည်ယခုမှစ၍ လူတို့ကိုဘမ်းမိသောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

11. ကမ်းနားမှာလှေကိုဆိုက်ပြီးလျှင်၊ ထိုသူတို့သည် ရှိသမျှတို့ကို စွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။

12. ကိုယ်တော်သည် မြို့တမြို့၌ရှိတော်မူစဉ်၊ တကိုယ်လုံးနူနာစွဲသော သူတယောက်သည် ကိုယ်တော်ကို မြင်လျှင် ပြစ်ဝပ်၍၊ သခင်၊ အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။

13. ယေရှုကလည်း၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟုမိန့်တော်မူလျက်၊ လက်ထောက်ကိုဆန့်၍ ထိုသူကိုတို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်လေ ၏။

14. ယေရှုကလည်း၊ ဤအကြောင်းကို အဘယ်သူအားမျှမပြောနှင့် ယဇ်ပရောဖိတ်ထံသို့သွား၍ ကိုယ်ကို ပြလော့။ သူတပါး၌ သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ ရောက်သည့်အတွက် မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟုမိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 5