ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 24:19-33 Judson Bible (BJB)

19. ကိုယ်တော်ကလည်း၊ အဘယ်အကြောင်းအရာနည်းဟု မေးတော်မူလျှင်၊ ထိုသူတို့က၊ နာဇရက်မြို့သား ယေရှု၏အကြောင်းအရာပေတည်း။ ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့မှာ၊ နှုတ်သတ္တိ၊ လက်သတ္တိနှင့် ပြည့်စုံသော ပရောဖက်ဖြစ်၏။

20. ထိုသူကို ယဇ်ပုရောဟိတ်အကြီးနှင့် ငါတို့ မင်းများသည် အသေသတ်ခြင်းကို ခံစေခြင်းငှါ အပ်နှံ၍ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ကြပြီ။

21. ထိုသူသည် ဣသရေလအမျိုးကို ရွေးနှုတ်အံ့သောသူဖြစ်သည်ဟု ငါတို့သည် အထက်ကမြော်လင့်ကြပြီ။ ထိုမျှမက ဤအကြောင်းအရာဖြစ်၍ ယခုသုံးရက်ရှိပြီ။

22. ငါတို့၏အပေါင်းအဘော် မိန်းမအချို့တို့သည်လည်း သခင်္ျိုင်းတော်သို့ စောစောသွား၍၊

23. အလောင်းတော်ကို မတွေ့လျှင်၊ သခင်ယေရှုသည် အသက်ရှင်တော်မူသည်ဟု ပြောသောကောင်းကင် တမန်ထင်ရှားရာ ရူပါရုံကို မိမိတို့ မြင်ကြောင်းကို ပြန်လာ၍ ပြောဆိုသဖြင့်၊ ငါတို့သည် မိန်းမောတွေဝေခြင်း ရှိကြ၏။

24. ထိုအခါ ငါတို့တွင် အချို့သောသူတို့သည် သခင်္ျိုင်းတော်သို့သွား၍ မိန်းမတို့ပြောဆိုသည်အတိုင်း တွေ့သော်လည်း၊ ကိုယ်တော်ကို မမြင်ရဟု ပြောဆိုကြ၏။

25. ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဉာဏ်မရှိ၊ စိတ်ခိုင်မာ သောသူတို့၊

26. ခရစ်တော်သည် ဤသို့ပင် အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည်မဟုတ်လောဟု မိန့်တော်မူ၏။

27. ထိုအခါ မောရှေ၏ကျမ်းစာမှစ၍ ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကိုရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဘော်ပြတော်မူ၏။

28. ထိုတပည့်တော်တို့သည် သွားသောရွာအနီးသို့ ရောက်သောအခါ၊ ကိုယ်တော်သည် ထိုရွာကို လွန်၍ သွားအံ့သော အခြင်းအရာကို ပြတော်မူလျှင်၊

29. ထိုသူတို့က အကျွန်ုပ်တို့နှင့်အတူဝင်၍ နေပါ။ ညဦးယံအချိန်ရှိပြီ။ မိုဃ်းလည်းချုပ်ပါသည်ဟူ၍ ကိုယ်တော်ကို ကျပ်ကျပ်သွေးဆောင်ကြ၏။ ထိုကြောင့် သူတို့နှင့်အတူနေခြင်းငှါ ဝင်တော်မူ၏။

30. စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်တွင်၊

31. သူတို့သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။ ထိုအခါ ကိုယ်တော်သည် ကွယ်တော်မူ၏။

32. တပည့်တော်တို့ကလည်း၊ လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ၊ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လောဟု အချင်းချင်းပြောဆိုကြ၏။

33. ထိုတပည့်တော်နှစ်ယောက်တို့သည် ချက်ခြင်းထ၍ ယေရုရှလင်မြို့သို့ ပြန်ပြီးမှ၊ တကျိပ်တပါးသောသူတို့သည် အပေါင်းအဘော်တို့နှင့်အတူ စုဝေးလျက်ရှိသည်ကို တွေ့ကြ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 24