ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 23:33-47 Judson Bible (BJB)

33. ကရာနိအမည်ရှိသောအရပ်သို့ ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတို့ကို လက်ျာတော်ဘက်၌တယောက်၊ လက်ဝဲတော်ဘက်၌တယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။

34. ယေရှုကလည်း၊ အိုအဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏။ အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။

35. လူများတို့သည်လည်း ကြည့်ရှုလျက် ရပ်နေကြ၏။ ထိုသူတို့နှင့်အတူ မင်းအရာရှိတို့က၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ်၏။ ခရစ်တော်တည်းဟူသော ဘုရားသခင် ရွေးချယ်တော်မူသောသူမှန်လျှင် ကိုယ်ကိုကယ်တင်ပါလေစေဟူ၍ ပြက်ယယ်ပြုကြ၏။

36. စစ်သူရဲတို့သည်လည်းလာ၍ ပုံးရည်ကို ကပ်ပေးလျက်၊

37. သင်သည် ယုဒရှင်ဘုရင်မှန်လျှင် ကိုယ်ကို ကယ်တင်လော့ဟူ၍ ပြက်ယယ်ပြုလျက် ဆိုကြ၏။

38. ခေါင်းတော်ပေါ်မှာတပ်၍ အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင် ဘုရင်ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့်ရေး၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း။

39. ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကို၎င်း၊ ငါတို့ ကို၎င်း၊ ကယ်တင်လော့ဟု ကိုယ်တော်ကို ကဲ့ရဲ့၍ ဆိုလေ၏။

40. တယောက်မူကား၊ မိမိအဘော်ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူအပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။

41. ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက်ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊

42. သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။

43. ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။

44. ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။

45. နေအရောင်ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။

46. ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။

47. ထိုအခြင်းအရာတို့ကို တပ်မှူးသည်မြင်လျှင်၊ စင်စစ်ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ၏ဟုဆို၍ ဘုရားသခင်ကို ချီးမွမ်းလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 23