55. အိမ်ဦးအလယ်၌ မီးမွေးပြီးမှ၊ လူများတို့သည် စုဝေး၍ ထိုင်ကြလျှင်၊ ပေတရုသည်လည်း သူတို့အထဲ၌ ထိုင်နေ၏။
56. ထိုသို့ ပေတရုသည် မီးအနားမှာ ထိုင်နေသည်ကို အစေအပါးမိန်းမတယောက်သည်မြင်လျှင်၊ သူ့ကို စေ့စေ့ကြည့်၍၊ ဤသူသည် ယေရှုနှင့် ပေါင်းဘော်သောသူဖြစ်သည်ဟု ဆိုသော်၊
57. ပေတရုက၊ အချင်းမိန်းမ၊ ထိုသူကို ငါမသိဟု ငြင်းလေ၏။
58. ထိုနောက် များမကြာ အခြားသောသူသည် ပေတရုကိုမြင်လျှင်၊ သင်သည်လည်း ထိုသူတို့အဝင်ဖြစ် သည်ဟုဆိုသော်၊ ပေတရုက၊ အချင်းလူ၊ ငါသည် သူတို့ အဝင်မဟုတ်ဟု ဆို၏။
59. တဖန် တနာရီလောက်ကြာပြီးမှ အခြားသောသူက၊ အကယ်စင်စစ် ဤသူသည် ယေရှုနှင့် ပေါင်းဘော် သောသူဖြစ်၏။ ဂါလိလဲလူလည်း ဖြစ်၏ဟု ခိုင်မာစွာဆိုလျှင်၊
60. ပေတရုက၊ အချင်းလူ၊ သင်ပြောသောအရာကို ငါမသိဟုဆို၏။ ထိုစကားကိုပြောသော ခဏခြင်းတွင် ကြက်တွန်လေ၏။
61. ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ကြက် မတွန်မှီ သင်သည် သုံးကြိမ် မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသော စကားကို ပေတရုသည် သတိရသဖြင့်၊
62. ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။
63. ယေရှုကို ကိုင်ဆွဲသောသူတို့သည် ကိုယ်တော်ကို ပြက်ယယ်ပြု၍ ရိုက်ပုတ်ကြ၏။
64. မျက်နှာတော်ကိုဖုံးပြီးလျှင် လက်နှင့်ပုတ်လျက်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု ၍ ဟောတော်မူပါဟုဆိုကြ၏။
65. အခြားသောစကားများဖြင့်လည်း ကိုယ်တော်ကို ကဲ့ရဲ့၍ ပြောဆိုကြသေး၏။
66. မိုဃ်းလင်းသောအခါ လူတို့တွင် အကြီးအကဲဖြစ်သောသူ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် စည်းဝေး၍ ကိုယ်တော်ကို လွှတ်တော်သို့ ဆောင်သွားပြီးလျှင်၊
67. သင်သည် ခရစ်တော်မှန်လျှင် ငါတို့အား ပြောလော့ဟုဆိုကြ၏။ ယေရှုကလည်း၊ ငါပြောလျှင် သင်တို့သည် မယုံ။
68. ငါမေးလျှင်လည်း သင်တို့သည် မဖြေဘဲ၊ ငါ့ကို မလွှတ်ဘဲနေကြလိမ့်မည်။