ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 22:25-43 Judson Bible (BJB)

25. ကိုယ်တော်က၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထားသောသူတို့ကိုလည်း ကျေးဇူးရှင်ဟူ၍ ခေါ်ဝေါ်ကြ၏။

26. သင်တို့မူကား ထိုသို့မပြုကြနှင့်၊ သင်တို့တွင် အကဲအမှူးပြုသောသူကို ငယ်သားကဲ့သို့ဖြစ်စေ။ အုပ်စိုးသောသူကိုလည်း အစေခံကဲ့သို့ဖြစ်စေ။

27. အဘယ်သူသည် သာ၍ ကြီးမြတ်သနည်း။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ်ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူသည်ကြီးမြတ်သည်မဟုတ်လော။ သို့သော် လည်း ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏။

28. ငါသည် စုံစမ်းနှောင့်ရှက်ခြင်းကို ခံစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသောသူဖြစ်ရာ၏။

29. ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကို ပေးတော်မူသည်နှင့်အညီ၊

30. သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်သောအခွင့်ကို၎င်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတဆယ်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကို၎င်း၊ ငါသည် သင်တို့အား ပေးမည်ဟု မိန့်တော်မူ၏။

31. တဖန် သခင်ဘုရားက၊ ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကို ဆန်ခါနှင့်ချသကဲ့သို့ စာတန်သည် သင်တို့ကို ချရမည်အကြောင်း အခွင့်တောင်းသည်ဖြစ်၍၊

32. သင်၏ယုံကြည်သောစိတ် မပျက်စေခြင်းငှါ ငါသည် သင့်အဘို့ဆုတောင်းလေပြီ။ သင်သည် သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊

33. ပေတရုက၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင်ထဲသို့၎င်း၊ အသေသတ်ခြင်းသို့၎င်း လိုက်ခြင်းငှါ အသင့်ရှိပါ၏ဟု လျှောက်လေသော်၊

34. သခင်ဘုရားက၊ ပေတရု၊ ငါဆိုသည်ကား၊ ယနေ့တွင် ကြက်မတွန်မှီ သင်သည် ငါ့ကို မသိဟု သုံးကြိမ်မြောက်အောင် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။

35. တဖန် မိန့်တော်မူသည်ကား၊ အထက်က ငွေအိတ်၊ လွယ်အိတ်၊ ခြေနင်းမပါဘဲ သွားကြလော့ဟု သင်တို့ကို ငါစေလွှတ်သောအခါ တစုံတခုလိုသလောဟု မေးလျှင်၊ တစုံတခုမျှ မလိုပါဟု လျှောက်ကြသော်၊

36. ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည် ယူစေ။ ထားမရှိသော သူသည် အဝတ်ကိုရောင်း၍ ထားကိုဝယ်စေ။

37. အကြောင်းမူကား၊ ထိုသူသည် မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်၏ဟူသော ကျမ်းစာချက်သည် ငါ၌ ယခုပင် ပြည့်စုံရမည်။ ငါ့အမှုအရာတို့သည် ပြီးစီးခြင်းသို့ ရောက်ကြပြီဟု မိန့်တော်မူ၏။

38. ထိုသူတို့ကလည်း၊ သခင်၊ ထားနှစ်စင်းရှိပါ၏ဟု လျှောက်လျှင်၊ တန်ပြီဟု မိန့်တော်မူ၏။

39. ထိုနောက် အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်သို့ ထွက်ကြွတော်မူ၍၊ တပည့်တော်တို့သည် နောက်တော်သို့ လိုက်ကြ၏။

40. ထိုအရပ်သို့ ရောက်တော်မူလျှင်၊ သင်တို့သည် စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းကြလော့ဟု မိန့်တော်မူပြီးမှ၊

41. တပည့်တော်တို့နှင့် ကျောက်ခဲတပစ်လောက် ခွာသွား၍ ဒူးထောက်လျက်၊

42. အိုအဘ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိ သည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။

43. ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 22