ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 21:8-25 Judson Bible (BJB)

8. ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏။ အချိန်ကာလလည်း ရောက်လာပြီဟုဆိုလျက် ငါ၏အယောင် ကို ဆောင်၍ ပေါ်လာကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။

9. သင်တို့သည် စစ်တိုက်ခြင်းအကြောင်း၊ ပုန်ကန်ခြင်းအကြောင်းကို သိတင်းကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်။ ထိုအမှုအရာများသည် အရင်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် အလျင်အမြန်မဖြစ်သေး။

10. ထိုမှတပါး၊ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။

11. အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မိုဃ်းကောင်းကင်၌လည်း ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည်။

12. ထိုအမှုအရာများမဖြစ်မှီ လူများတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဘမ်းဆီးညှဉ်းဆဲ၍ တရားစရပ်၌၎င်း၊ ထောင်ထဲ၌၎င်း အပ်နှံကြလိမ့်မည်။

13. ထိုသို့သောအားဖြင့် သင်တို့သည် သက်သေခံရသောအခွင့်ရှိကြလိမ့်မည်။

14. ထိုကြောင့် သင်တို့သည် အဘယ်သို့ပြန်ပြောရမည်ကို ရှေ့မဆွက မဆင်ခြင်ခြင်းငှါ သတိထားကြလော့။

15. အကြောင်းမူကား၊ ရန်သူအပေါင်းတို့သည် မငြင်းခုံမဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို ငါပေးမည်။

16. သင်တို့မိဘ၊ ညီအစ်ကို၊ ပေါက်ဘော်၊ အဆွေခင်ပွန်းတို့သည် သင်တို့ကို အပ်နှံကြလိမ့်မည်။ အချို့တို့ ကိုလည်း သတ်ကြလိမ့်မည်။

17. လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။

18. သို့သော်လည်း သင်တို့ ဆံခြည်တပင်မျှ မပျက်စီးရ။

19. သင်တို့သည် တည်ကြည်သောအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလော့။

20. ယေရုရှလင်မြို့ကို ဗိုလ်ခြေများ ဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည် ပျက်စီးခြင်းသို့ ရောက်လုသည်ကို သိမှတ်ကြလော့။

21. ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ ထွက်ကြစေ။ တောရွာမှာ ရှိသောသူတို့သည် မြို့ထဲသို့ မဝင်ကြစေနှင့်။

22. အကြောင်းမူကား၊ ထိုနေ့ရက်ကာလသည် ကျမ်းစာချက်များ ပြည့်စုံရသော ဒဏ်စီရင်ခြင်းနေ့ရက် ကာလဖြစ်သတည်း။

23. ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။ အကြောင်းမူကား၊ ယုဒပြည်၌ ကြီးစွာသော ဆင်းရဲဒုက္ခဖြစ်၍ ယုဒအမျိုးအပေါ်၌ အမျက်ဒေါသသင့်ရောက်လိမ့်မည်။

24. သူတို့သည် ထားဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အခြားသောပြည်အရပ်ရပ်သို့ ဘမ်းသွားကြလိမ့်မည်။ တပါးအမျိုးသားတို့သည် မိမိတို့ အချိန်ကာလမပြည့်စုံမှီတိုင်အောင် ယေရုရှလင်မြို့ကို ခြေနှင့် နင်းကြလိမ့်မည်။

25. ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက်စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 21