26. မြေကြီးပေါ်မှာ ဖြစ်လတံ့သော ဘေးများကိုမြော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏ အသက်ဆုံးခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။
27. ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကို စီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။
28. ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။
29. တဖန် ထပ်၍ မိန့်တော်မူသော ဥပမာကား၊ သင်္ဘောသဖန်းပင်မှစ၍ သစ်ပင်များကို မှတ်ကြလော့။
30. အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သည် အလိုအလျောက်သိမြင်ကြ၏။
31. ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ ဘုရားသခင်၏နိုင်ငံတော် တည်လုနီးသည်ကို သိမှတ်ကြလော့။
32. ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများ မကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။
33. ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။
34. သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်၊ ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့် တွေ့ကြုံလိမ့်မည်။