ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 2:24-38 Judson Bible (BJB)

24. ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကိုပူဇော်ရမည်ဟု ထာဝရဘုရား၏ ပညတ္တိကျမ်းလာပြန်သည်နှင့်အညီ ယဇ်ပူဇော်ကြ၏။

25. ထိုအခါ ရှုမောင်အမည်ရှိသော သူတယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မြော်လင့်သောသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊

26. သူသည်ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မှီ သေရဟုဗျာဒိတ်တော်ကိုရ၏။

27. ထိုအခါသူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ်တရားထုံးတမ်းအတိုင်းပြုခြင်းငှါ ဆောင်သွားစဉ်တွင်၊

28. ရှုမောင်သည်ယေရှုကို လက်နှင့်ချီပိုက်၍၊

29. ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာ စုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။

30-32. ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှါ၎င်း၊ တပါးအမျိုးသားတို့ကို လင်းစေခြင်းငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏ဟု မြွက်ဆို၏။

33. ထိုစကားများကို ယောသပ်နှင့်မယ်တော်သည် ကြားလျှင် အံ့ဩခြင်းရှိကြ၏။

34. ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူ အများလဲမည်အကြောင်း၊ အများထမည်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှါ ငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ်၏။

35. ထိုမှတပါး သန်လျက်သည် သင်၏စိတ်နှလုံးကို ခွင်းလိမ့်မည်ဟု မြွက်ဆို၏။

36. အာရှာအမျိုးဖြစ်သော ဖနွေလ၏သမီး၊ အန္နအမည်ရှိသော ပရောဖက်မတယောက်ရှိ၏။ သူသည် ပျိုသောအရွယ်မှစ၍ ခုနစ်နှစ်သောလင်နှင့် နေပြီးလျှင်၊

37. အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင်မုတ်ဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညဉ့်မပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွါဘဲနေ၏။

38. သူသည်လည်း ထိုခဏခြင်းတွင်ဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့ ၌ ရွေးနှုတ်ခြင်းအရာကို မြော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 2