ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 2:20-34 Judson Bible (BJB)

20. သိုးထိန်းတို့သည်လည်း မိမိတို့အားပြောနှင့်သည်အတိုင်း ကြားမြင်သမျှသောအကြောင်းအရာကို ထောက်၍၊ ဘုရားသခင်ကို အံ့ဩချီးမွမ်းလျက် ပြန်သွားကြ၏။

21. ထိုသူငယ်အား အရေဖျားလှီးခြင်းကို ပေးရသောနေ့တည်းဟူသော ရှစ်ရက်မြောက်သောနေ့ရောက်လျှင်၊ ပဋိသန္ဓေစွဲတော်မမူမှီ ကောင်းကင်တမန် မှည့်သောယေရှုအမည်ဖြင့် မှည့်ကြ၏။

22. ထိုနောက် မောရှေ၏ ပညတ်တရားအတိုင်း စင်ကြယ်ခြင်းကိုပြုရသော နေ့ရက်စေ့သောအခါ၊ မိဘတို့သည် သူငယ်ကို ယေရှုရှလင်မြို့သို့ ဆောင်သွား၍၊

23. သားဦးယောက်ျားအပေါင်းတို့သည် ဘုရားအဘို့ သန့်ရှင်းရကြ၏ဟု ထာဝရဘုရား၏ ပညတ္တိကျမ်းလာသည်နှင့်အညီ၊ ထာဝရဘုရားအား ဆက်ကပ်ပြီးမှ၊

24. ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကိုပူဇော်ရမည်ဟု ထာဝရဘုရား၏ ပညတ္တိကျမ်းလာပြန်သည်နှင့်အညီ ယဇ်ပူဇော်ကြ၏။

25. ထိုအခါ ရှုမောင်အမည်ရှိသော သူတယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မြော်လင့်သောသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊

26. သူသည်ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မှီ သေရဟုဗျာဒိတ်တော်ကိုရ၏။

27. ထိုအခါသူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ်တရားထုံးတမ်းအတိုင်းပြုခြင်းငှါ ဆောင်သွားစဉ်တွင်၊

28. ရှုမောင်သည်ယေရှုကို လက်နှင့်ချီပိုက်၍၊

29. ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာ စုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။

30-32. ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှါ၎င်း၊ တပါးအမျိုးသားတို့ကို လင်းစေခြင်းငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏ဟု မြွက်ဆို၏။

33. ထိုစကားများကို ယောသပ်နှင့်မယ်တော်သည် ကြားလျှင် အံ့ဩခြင်းရှိကြ၏။

34. ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူ အများလဲမည်အကြောင်း၊ အများထမည်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှါ ငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ်၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 2