ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 17:18-35 Judson Bible (BJB)

18. ဤတပါးအမျိုးသားကိုထား၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ပြန်လာသောသူ တယောက်မျှ မရှိသလောဟု မေးတော်မူပြီးမှ၊

19. သင်ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကိုငြိမ်းစေပြီဟု ထိုသူအား မိန့်တော်မူ၏။

20. ဖာရိရှဲတို့သည် လာ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ ယေရှုက၊ ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌ မတည်။

21. ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်ဟု မိန့်တော်မူ၏။

22. တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် လူသား၏နေ့ရက်တရက်ကိုမျှ တွေ့ မြင်လို၍၊ မတွေ့မမြင်ရသောအချိန်ကာလ ရောက်လိမ့်မည်။

23. ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ကြည့်ပါဟု သင်တို့အားပြောဆိုသော်လည်း မလိုက်မသွားကြနှင့်။

24. ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။

25. ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။

26. နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။

27. နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။

28. ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက်နေသကဲ့သို့၎င်း၊

29. လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုဃ်းရွာ၍ ထိုလူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့၎င်း၊

30. လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။

31. ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိ အိမ်ထဲမှာရှိသောဥစ္စာကို ယူခြင်းငှါ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။

32. လောတ၏မယားကို အောက်မေ့ကြလော့။

33. အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါရှာကြံ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။

34. ငါဆိုသည်ကား၊ ထိုနေ့ညဉ့်တွင် အိပ်ရာတခု၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။

35. ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 17