ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 13:23-35 Judson Bible (BJB)

23. လူတဦးကလည်း၊ သခင်၊ ကယ်တင်ခြင်းသို့ ရောက်သောသူတို့သည် များသလော၊ နည်းသလောဟု မေးလျှောက်လျှင်၊

24. ကျဉ်းမြောင်းသောတံခါးဝကို ဝင်ခြင်းငှါ ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား၊ အများသော သူတို့သည် ဝင်ခြင်းငှါအလိုရှိသော်လည်း မစွမ်းနိုင်ကြဟု ငါဆို၏။

25. အိမ်ရှင်သည် တခါထ၍ တံခါးကို ပိတ်ပြီးမှ၊ သင်တို့သည် ပြင်၌ရပ်၍ တံခါးကိုခေါက်လျက်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့အားဖွင့်ပါဟု တောင်းလျှောက်သော်လည်း၊ သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ပြန်ပြောလိမ့်မည်။

26. ထိုအခါ သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် အထံတော်၌ စားသောက်ပါပြီ။ အကျွန်ုပ်တို့နေသော မြို့ရွာ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူပြီဟု လျှောက်ပြန်သော်လည်း၊

27. သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ငါဆိုပြီ။ မတရားသောအမှုကိုပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြဟု ပြောလိမ့်မည်၊

28. ထိုအခါ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှစသော ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်၍၊ သင်တို့သည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရသောအခါငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိလတံ့။

29. ထိုအခါ အရှေ့အနောက်တောင်မြောက်အရပ် လေးမျက်နှာကလာ၍ ဘုရားသခင်၏ နိုင်ငံတော်ထဲတွင် လျောင်းရကြလတံ့။

30. နောက်ကျသောသူအချို့တို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအချို့တို့သည် နောက်ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။

31. ထိုအခါ ဖာရိရှဲအချို့တို့သည် အထံတော်သို့လာ၍၊ ဤအရပ်မှ ထွက်သွားပါ။ ဟေရုဒ်မင်းသည် ကိုယ်တော်ကိုသတ်မည် အကြံရှိပါသည်ဟု လျှောက်ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွားကြလော့။

32. ယခုနေ့နှင့် နက်ဖြန်နေ့၌ နတ်ဆိုးတို့ကိုနှင်ထုတ်၍ အနာရောဂါကိုငြိမ်းစေ၏။ သုံးရက်မြောက်သောနေ့၌ စုံလင်ခြင်းသို့ ရောက်မည်အရာကို ထိုမြေခွေးအား ပြောကြလော့။

33. သို့သော်လည်း ယခုနေ့၊ နက်ဖြန်နေ့၊ သန်ဘက်နေ့၌ ငါသွားရသေး၏။ အကြောင်းမူကား၊ ယေရုရှလင် မြို့မှတပါး အခြားသောအရပ်၌ အဘယ်ပရောဖက်မျှ မဆုံးရာ။

34. အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကိုသတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သောသူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့ သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိ၏။ သင်မူကား အလိုမရှိ။

35. သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက်ကျန်ရစ်ရ၏။ ငါဆိုသည်ကား၊ ထာဝရဘုရား၏ အခွင့်နှင့်ကြွလာသောသူသည် မင်္ဂလာရှိစေသောဟု သင်တို့မပြောမှီတိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 13