ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 13:1-13 Judson Bible (BJB)

1. ထိုအခါ လူအချို့တို့သည်လာ၍၊ ပိလတ်မင်းသည် ဂါလိလဲလူအချို့တို့၏အသွေးကို မိမိတို့ ပူဇော်သော ယဇ်ကောင်တို့နှင့် ရောနှောကြောင်းကို လျှောက်ကြလျှင်၊

2. ယေရှုက၊ ထိုဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့်၊ အခြားသော ဂါလိလဲလူအပေါင်းတို့ထက် သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။

3. သာ၍ အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်ဟု ငါဆို၏။

4. ထိုမှတပါး၊ ရှိလောင်ပြအိုးလဲ၍ ပိသောသူ တကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သားအပေါင်းတို့ထက်သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။

5. သာ၍အပြစ်ရှိသည်မဟုတ်။ သင်တို့ ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။ ငါဆိုသည်ဟု မိန့်တော်မူ၏။

6. တဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတယောက်သည် ဥယျာဉ်၌စိုက်သော သင်္ဘောသဖန်းပင်တပင်ရှိ၏။ ထိုအပင်သို့ လာ၍ အသီးကိုရှာသော်လည်းမတွေ့။

7. ထိုအခါ ဥယျာဉ်စောင့်အားလည်း၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍ အသီးကို ရှာသော်လည်း မတွေ့မရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကိုနှောင့်ရှက်ရသနည်းဟု အမိန့်ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင်၊ ယခုနှစ်ရှိပါစေဦး။

8. အကျွန်ုပ်သည် အပင်နားပတ်လည်ကို တူးဆွ၍ နောက်ချေးကို ဖို့ပါမည်။

9. အသီးသီးကောင်း သီးပါလိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ်တော်မူပါဟု လျှောက်လေသည်ဟု မိန့်တော်မူ၏။

10. တနေ့သောဥပုသ်နေ့၌ ယေရှုသည် တရားစရပ်တွင် ဆုံးမဩဝါဒပေးတော်မူသောအခါ၊

11. တဆယ်ရှစ်နှစ်ပတ်လုံး နတ်စွဲ၍ရောဂါနှိပ်စက်ခြင်းကို ခံရသော မိန်းမတယောက်ရှိ၏။ ထိုမိန်းမသည် ကျောကုန်း၍ ကိုယ်ကို အလျှင်းမဆန့်နိုင်။

12. ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည် အနာရောဂါနှင့် လွတ်၏ဟု မိန့်တော်မူလျက်၊

13. သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့်၊ သူသည် ချက်ခြင်းတည့်မတ်ခြင်းသို့ရောက်၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 13