ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 12:2-17 Judson Bible (BJB)

2. ဖုံးထားလျက်ရှိသမျှတို့သည် ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။

3. မှောင်မိုက်၌ သင်တို့ပြောသမျှသောအရာများကို သူတပါးတို့သည်အလင်း၌ နားကြားကြလိမ့်မည်။ သင်တို့သည် အခန်းထဲမှာ နားအပါး၌ ပြောသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလိမ့်မည်။

4. ငါ့အဆွေတို့၊ သင်တို့အား ငါဆိုသည်ကား၊ ကိုယ်ခန္ဓာကိုသတ်၍ နောက်တဖန် အလျှင်းမပြုနိုင်သော သူတို့ကို မကြောက်ကြနှင့်။

5. အဘယ်သူကို ကြောက်ရမည်နည်းဟူမူကား၊ ကိုယ်ခန္ဓာကိုသတ်ပြီးမှ ငရဲထဲသို့ ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကို ကြောက်ကြလော့။

6. စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဘိုးနှင့် ဝယ်ရသည်မဟုတ်လော။ ထိုစာငှက်တကောင်ကိုမျှ ဘုရားသခင်မေ့လျော့တော်မမူ။

7. သင်တို့ ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။ ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက်သာ၍ မြတ်ကြ၏။

8. ငါဆိုသည်ကား၊ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ဘုရားသခင်၏ ကောင်းကင်တမန်တို့ရှေ့မှာ လူသားသည် ထိုသူကိုဝန်ခံမည်။

9. အကြင်သူသည် လူတို့ရှေ့မှာငါကိုငြင်းပယ်အံ့။ ဘုရားသခင်၏ ကောင်းကင်တမန်တို့ ရှေ့မှာထိုသူကို ငါငြင်းပယ်မည်။

10. လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို ရနိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို မရနိုင်ရာ။

11. သင်တို့ကို တရားစရပ်သို့၎င်း၊ အကဲအမှူး၊ မင်းများရှေ့သို့၎င်း၊ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြန်ပြောရမည်ကို မစိုးရိမ်ကြနှင့်။

12. အကြောင်းမူကား၊ ထိုခဏခြင်းတွင် အဘယ်သို့ပြောရမည်ကို သန့်ရှင်းသောဝိညာဉ်တော်သည် အကြံ ပေးမည်ဟု မိန့်တော်မူ၏။

13. လူအစုအဝေး၌ပါသော သူတယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်အစ်ကိုသည် အမွေဥစ္စာကို အကျွန်ုပ်အား ဝေပေးပါမည်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်လျှင်၊

14. ကိုယ်တော်က အချင်းလူ၊ အဘယ်သူသည် သင်တို့အမှုကို စီရင်ခွဲဝေပိုင်သောအခွင့်ကို ငါ့အား အပ်ပေးသနည်းဟု မေးတော်မူ၏။

15. ထိုမှတပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း စည်းစိမ်၌ အသက်မတည်ဟု မိန့်တော်မူ၏။

16. တဖန် ဥပမာစကားကို မိန့်တော်မူသည်ကား၊ သူဌေးတဦး၌ မြေကောင်း၍ အသီးအနှံများလှ၏။

17. ထိုသူဌေးက၊ ငါသည် အဘယ်သို့ ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာအရပ်မရှိ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 12